နတ်တလင်းမှာ ဆည်မြောင်းထဲ ရေဆင်းကူးရာက မိသားစုဝင်အမျိုးသမီး ၃ ဦး ရေနစ်သေဆုံး

0 4
0 4

နတ်တလင်း၊ မတ် ၂၀၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့မှာ မတ်လ ၁၉ ရက် မနေ့နေ့လည်ပိုင်းက ဆည်မြောင်းအတွင်း ရေဆင်းကူး ကစားရာကနေ မိသားစုဝင်အမျိုးသမီး ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ နတ်တလင်းမြို့၊ သာစည်ရပ်ကွက်၊ အောင်ရတနာလမ်းနေ အသက် ၃၅ နှစ် အရွယ် မမီမီကျော်၊ သမီးဖြစ်သူ ၁၃ နှစ်အရွယ် မယွန်းတာပိုး၊ တူမဖြစ်သူ အသက် ၁၅ နှစ်အရွယ် မရွှေရီမင်းစံတို့ဖြစ်ပြီး နတ်တလင်းမြို့နယ်နဲ့ ဇီးကုန်းမြို့နယ်အစပ် ကြခပ်ဝါးရုံရွာအနီး ရိုးမြောင်းအတွင်းမှာ ရေနစ်သေဆုံးတာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“တအိမ်တည်း အတူနေကြတဲ့ အမေရယ်၊ သမီးရယ်၊ တူမရယ် ရေနစ်ကြတာပါ။ သူတို့က ဘက်ဟိုးနဲ့ တူးထားတဲ့မြောင်းထဲမှာ ရေဆင်းချိုးရင်း နစ်ကြတာ” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေကို ဒီကနေ့ နေ့လည် ၂ နာရီခွဲမှာ နတ်တလင်းမြို့၊ အနောက်ပေါက်ပင်သုဿန်ကို ပို့ဆောင်သဂြိုလ်မယ်လို့ သိရပါတယ်။

မတ်လ ၅ ရက်နေ့က စစ်ကိုင်းမြို့မှာ ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းတဲ့ ကိုရင် ၃ ပါး ရေနစ်သေဆုံးခဲ့သလို၊ မတ်လ ၆ ရက်နေ့ကလည်း ရေနံချောင်းမြို့၊ ဧရာဝတီမြစ်အတွင်း ဒေသအခေါ် ညောင်လှချောင်းသာမှာ ရေဆော့ကစားတဲ့ ကလေး ၄ ဦး ရေနစ်သေဆုံးခဲ့တာကြောင့် မြေလတ်ဒေသအတွင်းမှာ ယခုမတ်လအတွင်း လူ ၃ ဦးနဲ့အထက် ရေနစ်သေဆုံးမှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။