ဘီလူးစစ်ကြောင်းထိုးလို့ ပြည်သူ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး အသတ်ခံရသူတွေလည်းရှိ

0 4
0 4

ရေစကြို၊ မတ် ၂၀၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာကို စစ်ကောင်စီရဲ့တပ်မ ၉၉ ဘီလူးစစ်ကြောင်းက ရုတ်တရက် ပစ်ခတ်ဝင်ရောက်ကာ စီးနင်းထားပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

မတ်လ ၁၉ ရက် မနေ့ကမနက် ၆ နာရီ‌ဝန်းကျင်ကတည်းက ရွာမှာ စီးနင်းတပ်စွဲထားတာဖြစ်ပြီး၊ စစ်ရှောင်ပြည်သူအများစု အဖမ်းခံထားရသလို အသတ်ခံထားရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ရှောင်အများစု ဖမ်းမိသွားတာပေါ့။ ပြည်သူတွေ ရှောင်နေတဲ့နေရာကို ပစ်ပြီးဝင်စီးတော့ ဒဏ်ရာရတဲ့သူတွေ ရပေါ့။ လွတ်လာတဲ့သူတွေရဲ့ ပြောစကားအရတော့ အသတ်ခံထားရတဲ့ အလောင်း ၂ လောင်း တွေ့တယ်လို့‌တော့ သိရတယ်။ သတင်းတွေကတော့ မျိုးစုံထွက်နေတာ။ အသတ်ခံရတာ ဒီထပ်များတယ်လို့လည်း‌ ကြားနေရတယ်။ စစ်ကြောင်းထွက်သွားမှပဲ သေချာသိရမှာ။ မနေ့ကတော့ ရွာထဲက ဆိုင်ကယ်တွေကို ၃ ကြိမ် မီးရှို့တယ်” လို့ ပြောပါတယ်။

ဓားစာခံအဖြစ် ပြည်သူ ၂၀၀ ကျော်ကို ဖမ်းဆီးထားပြီး၊ သူတို့ကို နေရာ ၃ နေရာ ခွဲထားကာ အဲ့ဒီရွာမှာ ရေစကြိုနဲ့ မြောင်မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတွေ လာရောက် တိမ်းရှောင်နေကြတာဖြစ်သလို အဖမ်းခံရသူတွေထဲမှာ ရွာပေါင်းစုံက ဒေသခံတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က စစ်ကြောင်းဝင်ချိန်မှာလည်း အသက် ၈၀ ဝန်းကျင် အဘိုးတဦး အသတ်ခံရပြီး၊ ၁၇ နှစ်အရွယ် လူငယ်တဦးလည်း ကျည်ထိမှန်ခဲ့တာကြောင့် အခြေအနေ စိုးရိမ်ရကာ ထပ်တိုးကျည်ထိမှန်ထားတဲ့သူတွေလည်း ရှိနေနိုင်တယ်လို့ အထက်ပါဒေသခံက ပြောပြပါတယ်။

ရွာကိုစစ်ကြောင်းဝင်ချိန်ကနေ ဒီကနေ့အချိန်ထိ စစ်အုပ်စုရဲ့သတ်ဖြတ်တာကို ခံရသူ အရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

အဆိုပါ ဘီလူးစစ်ကြောင်းဟာ ပြီးခဲ့တဲ့မတ်လ ၂ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက ဒေသခံ ၁၆ ဦးကို ဓါးစာခံအဖြစ် ဖမ်းခေါ်သွားပြီး အဲ့ဒီထဲက ၁၅ ဦးကို စစ်ကြောင်းချီရာလမ်းမှာတင် သတ်ခဲ့ပါသေးတယ်။

အလားတူ မတ်လ ၅ ရက်ကလည်း မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာပြီး ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂ၊ PDF ရဲဘော် ၅ ဦး၊ ရွာခံအမျိုးသား ၄ ဦးတို့ကို ဖမ်းဆီးပြီးနောက် အဲဒီထဲက PDF ရဲဘော် ၅ ဦးကို သတ်ဖြတ်ပြီး အလောင်းတွေကို မြစ်ထဲမျောခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။