မုံရွာဘက်က ရွာတရွာမီးရှို့ခံရလို့ အိမ် ၆၀ ကျော်မီးလောင်ပြီး သက်ကြီးပိုင်း ၃ ဦးသေဆုံး

0 5
0 5

မုံရွာ၊ မတ် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ထနောင်းတောရွာကို မတ်လ ၁၅ ရက် မနေ့ကမနက် ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေ မီးဝင်ရှို့လို့ အိမ်ခြေ ၆၀ ကျော် မီးလောင်ခဲ့တဲ့အပြင် သက်ကြီးပိုင်း အဖိုး ၂ ဦးနဲ့ အဖွား ၁ ဦး သေဆုံးခဲ့ပါတယ်။

အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ အဲ့ဒီရွာကို အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်သားတွေ ရုတ်တရက် သေနတ်တွေ ပစ်ဖောက် ရောက်လာခဲ့လို့ ဒေသခံတွေ ချက်ချင်းထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“ရွာအရှေ့ကနေ သေနတ်ဖောက်ပီး ဝင်လာကြတာ။ ဘာပစ္စည်းမှကို မသယ်လာနိုင်ခဲ့ဘူး။ အမတယောက်ဆိုရင်လည်း ကလေးတယောက်က စစ်သားတွေဝင်လာပြီပြောမှ ချက်ချင်း ထွက်ပြေးရတာဆိုတော့ ဘာတခုမှပါမလာဘူး” လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက ရွာထဲမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သလို အသက် ၈၀ အရွယ် အဖွားတဦးနဲ့ ၆၀ ကျော် အရွယ် အဘိုး ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တဦးက မီးထဲပါသွားတာ။ နှစ်ဦးက အိမ်သာထဲကိုထည့်ပြီး မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံလိုက်ရတဲ့ ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေမှာပဲ ထွက်းပြေးခိုလုံခဲ့ရပြီး ရွာထဲပြန်မဝင်ရဲခဲ့ကြဘူးလို့ ဆိုပါတယ်။ အဲ့ဒီအပြင် မီးရှို့ပြီးထွက်သွားတဲ့ စစ်သားတွေက ညောင်ပင်စောက်တာဝါတိုင်ဘက်ကနေ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်ကလည်း စစ်ကောင်စီတပ်သားတွေဟာ ထနောင်းတောမြောက်ရွာ နေအိမ် ၄ လုံး ထနောင်းတောတောင်ရွာ နေအိမ် ၃ အိမ်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။