26 July 2026 11:17 PM

ပေါင်းတည်က စစ်တပ်သတင်းပေးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

0 5
0 5

ပေါင်းတည်၊ မတ် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်တပ်သတင်းပေးလို့ လူသိများသူ တဦးကို မတ်လ ၁၄ ရက်မနေ့ညက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၁ တပ်ရင်း – တပ်ခွဲ ၅ နွေဦးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကြိုပင်သာအုပ်စု၊ လက်ပံပါးပျဉ်းရွာ သင်္ချိုင်းကုန်းအနီးမှာ အဲဒီရွာသား အသက် ၆၀ နှစ်အရွယ် ကိုမောင်ဝင်းဆိုသူကို ည ၈ နာရီခွဲလောက်က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“သူက ကျွဲတဲရွာ လောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့အိမ်ပြန်လာတာကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့တာပါ။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ ခေတ်အဆက်ဆက် လောင်းကစားဝိုင်းထောင်ပြီး အခုထိလိုင်းကြေးကောက်နေတဲ့ သတင်းပေး အစစ်ပါ” လို့ နွေဦးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

သေဆုံးသူဟာ ပေါင်းတည်က စစ်တပ်နဲ့ရဲကို ဆက်ကြေးပေးပြီး လောင်းကစားဝိုင်းတွေ အပတ်စဥ်လုပ်နေတာလို့လည်း ဒေသခံတဦးက ပြောပါတယ်။

“ကိုမောင်ဝင်းက အခုနှစ်ဆန်း စပါးပေါ်ချိန်ကစပြီး အင်္ဂါနဲ့ ဗုဒ္ဓဟူးရက်မှာ ကြို့ပင်သာအုပ်စု၊ ကျွဲတဲရွာမှာ လောင်းကစားဝိုင်း လုပ်တယ်။ ကြာသာပတေးနေ့နဲ့ သောကြာမှာက လက်ပံပါးပျဥ်းရွာမှာ လောင်းကစား လုပ်တယ်။ အဓိကက မှတ်တိုင်ရဲစခန်းကို အပတ်စဥ်သိန်းချီပြီး ဆက်ကြေးပေးနေသူ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒ့ါအပြင် ကိုမောင်ဝင်းမှာ စစ်ကောင်စီအလိုကျ ချဲ၊ နှစ်လုံး၊ သစ်လိုင်းကြေး ကောက်ခံပေးတာ၊ ကိုယ်တိုင်ကြက်ဝိုင်း၊ ဂျင်ဝိုင်းထောင်ပြီး စစ်တပ်ကို ထောက်ပံ့နေသူလည်း ဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းက တော်လှန်ရေးအင်အားစု သတင်းတွေကို စစ်တပ်ကိုပေးပို့တာ၊ CDM ဝန်ထမ်းတွေကိုလည်း စိတ်ဒုက္ခအမျိုးမျိုး ပေးနေသူဖြစ်တယ်လို့ နွေဦးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၅ ရက်မနက်ကလည်း အဲဒီကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၇၀ နှစ်အရွယ် ဦးဆောင်းတင်ဆိုသူကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၃၆၀၁ တပ်ရင်း – တပ်ခွဲ ၅ နွေဦးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့လို့ ဒီနေ့တိုင် အဲဒီအုပ်စုမှာ အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိသေးဘူးလို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။