myaelatt athan

Sharing Information to the Local

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ EPC ဝန်ထမ်းမိသားစုလိုက် ဒဏ်ရာပြင်းထန်ရရှိ

ပခုက္ကူ၊ မတ် ၁၄၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်း(EPC) ရုံဘေးက ဝန်ထမ်းတွေနေထိုင်တဲ့ ရပ်ကွက်ထဲကို မတ်လ ၁၃ ရက်ည ၅ နာရီကျော်မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မိသားစု ၄ ဦး ဒဏ်ရာပြင်းထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေမှာ ပေါက်တောကျေးရွာက မောင်သူရဇော် ၂နှစ်၊ မမိုးပြည့်စုံ ၁၈ နှစ်၊ ဦးချမ်းကို ၃၃ နှစ်နဲ့ ဦးဝင်းမင်းစိုး ၃၇ နှစ်တို့ဖြစ်ကြပြီး၊ သူတို့က EPC စက်ရုံက ပုလဲငွေရောင်ရပ်ကွက်မှာနေထိုင်တဲ့ ဆွေမျိုးနေအိမ်ထဲရှိနေချိန် လက်နက်ကြီးကျည် တလုံးနေအိမ်ထဲကျ ရောက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ချမ်းကိုက ဘယ်ဘက်တင်ပါးနဲ့ ညာဘက်တံတောင်ကွေးထိတာ လမ်းလျှောက်လို့မရဘူး။ ဝင်းမင်းစိုးကလည်း တော်တော်ဆိုးတယ်ဒဏ်ရာက။ အခုတော့ ညောင်ဦးဆေးရုံမှာ ကုသနေကြတယ်။ ၃ယောက်တော့ ခွဲစိပ်ရမယ်။ အမျိုးသမီးကတော့ သက်သာနေပြီ”လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်လိုက်တဲ့ စစ်ကောင်စီတပ် သားတွေဟာ EPC စက်ရုံနဲ့ အ.ထ.က စာသင် ကျောင်းအကြားမှာရှိတဲ့ တောင်ကုန်းပေါ်မှာအင်အား ၇၀ ကျော်နဲ့တပ်စွဲထားတဲ့ စခန်းကဖြစ် တယ်လို့ သူကဆက်ပြောပါတယ်။

“အဲဒီနေ့က တိုက်ပွဲဖြစ်တာလားတော့ မသိဘူး။ ပစ်ခတ်သံတွေ တော်တော်လည်း ထွက်ပေါ်ခဲ့ တယ်။ တောင်ပေါ်မှာတပ်စွဲထားတဲ့ စကစတွေကတော့ တညလုံးကိုပစ်နေတာ လက်နက်ကြီး တွေနဲ့။ ဒီနေ့မှာလည်းပစ်နေသေးတယ်။ ဒီနေ့မှာတော့ တိုက်ပွဲမဖြစ်ဘဲပစ်နေတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၃ ရက်မနေ့ညအချိန်မှာ ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုတော့ မသိရှိခဲ့ရဘူးလို့ Khing Fighter SGF မှ တာဝန်ရှိသူက မြေလတ်အသံကို ပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။