မင်းလှမှာ လေပြင်းတိုက်ခတ်လို့ နေအိမ် ၂၀ ကျော် ပျက်စီး

0 4
0 4

ပဲခူး၊ မတ် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲမှာ မတ်လ ၁၃ ရက် ဒီနေ့မနက်အစောပိုင်း ၂ နာရီလောက်က မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာက လူနေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် ၂၅ လုံးခန့်အမိုးလန်ပျက်စီးကာ ရန်ကုန်-ပြည်ကားလမ်းမပေါ်က ကိုင်းပြင်ကြီးရွာ မူလတန်းလွန်ကျောင်းမှာလည်း အမိုးလန်ခဲ့တယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“မိုးရောလေရောတိုက်တာဗျ။ လေကလည်းပြင်းသလို မိုးကလည်းကြီးတယ်။ ညပိုင်းဖြစ်နေတော့ မနက်ရောက်မှ အပျက်အစီးတွေမြင်ပြီးမှအမိုးလန်တာကိုသိရတာ။ ပြည်လမ်းပေါ်က ကိုင်းပြင်ကြီးရွာ မူလွန်ကျောင်းမှာလည်း လေပြင်းကြောင့် သွပ်အချပ် ၃၀ လောက်ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။

ကိုင်းပြင်ကြီးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေကျိုးကျနေလို့ လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

ပြင်ပမိုးလေဝသပညာရှင်အချို့ရဲ့ခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံမြေလတ်ဒေသ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနဲ့ မကွေးတိုင်းအပါအဝင်ဒေသအများစုမှာ မတ်လ ၁၃ ရက်ကစတင်လို့ အချိန်အခါမဟုတ် မိုးသက်လေပြင်းကျရောက်တာတွေဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကမြို့နယ်အချို့မှာလည်း မနေ့ညပိုင်းနဲ့ ဒီမနက်ပိုင်းမှာ မိုးကြီးပြီးလေပြင်းတိုက်ခဲ့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၆ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်း၊ ကြို့ပင်ကောက်၊ မင်းလှမြို့နယ်တွေမှာ မိုးရွာသွန်းခဲ့ပြီး မိုးညိုမြို့နယ်မှာတော့ နေအိမ် ၂၀ ကျော်အမိုးလန်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။