ထက်မြတ်အောင် ကျဆုံးမှု ၂ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

0 4
0 4

ပြည်၊ မတ် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ကျဆုံးခဲ့တဲ့ ရေကြောင်းတက္ကသိုလ်ကျောင်းသား ထက်မြတ်အောင်ရဲ့ ကျဆုံးခြင်း ၂ နှစ်ပြည့် လှုပ်ရှားမှုကို ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းပရဝုဏ်အနီးမှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ကျဆုံးခြင်း ၂ နှစ်ပြည့်အတွက် မတ်လ ၁၂ ရက် မနေ့ မနက် ၇ နာရီလောက်မှာ အကြိုလှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တဦးက မြေလတ်အသံကို ပြောပါတယ်။

“မနှစ်ကတော့ ဘန်နာကပ်တယ်။ ဒီနှစ်ကတော့ အမှတ်တရသဘောမျိုး တခုခုလုပ်ကြမယ်ဆိုပြီး အမှုဆောင်တွေတိုင်ပင်ပြီး လုပ်ဖြစ်တာပါ။ ထက်မြတ်အောင်က ဝမ်းဗိုက်နေရာနားကို ကျည်ဆံထိမှန်တာရယ်၊ ပထမနှစ်ကျောင်းသားလည်း ဖြစ်တာရယ်ကြောင့် ကျနော်တို့ ကျောင်းယူနီဖောင်း ပထမနှစ်ဘားနဲ့ အင်္ကျီပေါ်မှာ ဆေးနီတွေပက်ပြီး လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ထက်မြတ်အောင်ဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ပြည်မြို့၊ ခရမ်းကုန်းရပ်ကွက်မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းစဉ်မှာ ရှေ့တန်းကနေ ဒိုင်းနဲ့အကာအကွယ်ပေးရင်း ဝမ်းဗိုက်ကျည်ထိမှန် ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ ပစ်ခတ်ဖြိုခွင်းခံရတဲ့ ပြည်မြို့သပိတ်စစ်ကြောင်းမှာပဲ အသက် ၂၀ ဝန်းကျင် ဖြိုးဝေယံကျော် ဆိုသူ လူငယ်လည်း ဦးခေါင်းကျည်ထိမှန်ခဲ့ကာ စစ်ကောင်စီတပ် ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ကုသစဉ်မှာ ကျဆုံးခဲ့ပါတယ်။

“ထက်မြတ်အောင် ကျဆုံးမှုအတွက်ကို ကျနော်က ဝမ်းနည်းတာထက် ဂုဏ်ယူတာက ပိုပါတယ်။ သေသွားတဲ့လူအတွက် ခဏကလေး ဝမ်းနည်းပြတာဟာ လုံလောက်မှုမရှိဘူးလို့ ထင်ပါတယ်။ သူ့သေဆုံးမှုဟာ တရားမမျှတဘူးလို့ ယုံကြည်ရင် တော်လှန်ပါ။ ဒီနည်းလမ်းပဲ ရှိပါတယ်။ အပြင်ပန်းကနေ ဝမ်းနည်း ကြေကွဲ ပြရတာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး” လို့ ကျောင်းသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ ၁ နှစ်ပြည့်တုန်းကလည်း ကျဆုံးလူငယ် ၂ ဦးအတွက် သူတို့ အုတ်ဂူမှာ အထိမ်းအမှတ်ပန်းခွေ လာချတာနဲ့ပတ်သက်ပြီး မီးသဂြိုလ်စက်ဝန်ထမ်းတဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။