စစ်ရှောင်စခန်းက ၁ လသားအရွယ် အမွှာမောင်နှမ နို့ ၁ ဗူးကို မျှစို့နေရတဲ့အထိ ကျပ်တည်းနေ

0 6
0 6

ခင်ဦး၊ မတ် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုမှာ ခိုလှုံနေကြရတဲ့ ၁ လအရွယ် အမွှာကလေး ၂ ဦးမှာ ၁ ရက်လျှင် နို့ဘူးတလုံးတည်းကို ၂ ကြိမ်တိုင်တိုင် မျှပြီးစို့နေရတယ်လို့ သိရပါတယ်။

ဦးနိုင်ဦး နဲ့ ဒေါ်ချိုနိုင်ဦးတို့ဇနီးမောင်နှံက သူတို့ကို စစ်ရှောင်ရင်း စစ်ဘေးရှောင်စခန်းထဲမှာပဲ မွေးဖွားခဲ့ရတာကြောင့် နာမည်ကို မအုံးအုံး(အကြီး)နဲ့ မောင်ဒိုင်းဒိုင်း(အငယ်) လို့ မှည့်ခေါ်ထားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

“မိဘတွေက နဂိုကတည်းက လက်လုပ်လက်စားတွေပါ။ ဆင်းရဲချို့တဲ့ ကြတယ်။ ဒီအထဲ သူတို့ရဲ့ နေအိမ်ကလည်း မီးရှို့ခံရတဲ့အထဲ ပါသွားတယ်။ ဒါကြောင့်မို့ စစ်ရှောင်စခန်းတခုမှာ လာပြီးခိုလှုံနေကြရင်း ဒီအမွှာလေးတွေကို မွေးဖွားခဲ့ကြတာ။ မိခင်က နို့မအောင်(မရ)တော့ နို့ဘူး ဝယ်တိုက်နေရတာ။ ပိုက်ဆံကမရှိတော့ ချေးငှားပြီးတော့ နို့ဘူးတလုံးနဲ့ ၂ ယောက်ကို မျှတိုက်နေရတယ်” လို့ ဆိုပါတယ်။

အလားတူ အခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးကာ ကျေးရွာတွေ မီးရှို့နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ စုစု ပေါင်း ဦးရေ ၁၀၀ ကျော် ပါဝင်လာနေတယ်လို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့လည်း စခန်းတွေကိုသွားပြီးတော့ တတ်နိုင်သလောက်ကို ထောက်ပံ့ပေးနေပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့လည်း ရံပုံငွေတွေ ခိုင်ခိုင်မာမာမရှိတော့ စားဖို့အပိုင်းတခုပဲ လုပ်ပေးနိုင်တယ်။ ကျန်းမာရေးပိုင်းကို မလုပ်ပေးနိုင်ဘူး။ ကလေးတွေရဲ့အာဟာရမကျွေးနိုင်ဘူးပေါ့။ အခုဆိုရင် စခန်းတွေမှာ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်သူတွေ ရှိနေကြတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေ ပစ်ခတ်တဲ့လက်နက်ကြီး ကျည်ထိမှန်လို့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး၊ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်ရွယ် ယောင်္ကျားလေးတဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့ပေးစေလိုတဲ့ မိဘပြည်သူတွေအနေနဲ့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး Page Messenger မှာ လာရောက်လှူဒါန်းပေးနိုင်သလို NUG pay/KBZpay/Wave pay တို့နဲ့လည်း ကူညီနိုင်တယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။