စစ်တပ်က ရွာကို မီးရှို့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်လို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

0 5
0 5

ချောင်းဦး၊ မတ် ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာကို စစ်ကောင်တပ်တွေက ဝင်ရောက်မီးရှို့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၃ ရက် မနေ့ကမနက် ၈ နာရီခန့်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ဘက်ကနေ အင်အား ၁၅၀ ကျော်နဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ ခင်မွန်ရွာကို ဝင်ရောက်မီးရှို့ ခဲ့တာဖြစ်သလို အကြောင်းမဲ့လက်နက်ကြီးတွေနဲ့ ပစ်လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

“မနေ့က နမခက စကစတွေကော စွမ်းရည်ထက် ဆီဆိုင်နားမှာ အမြဲလိုရှိနေတဲ့ စကစအဖွဲ့တွေကော ထောင်သားပြောင်းတာ လိုက်ပို့တာနဲ့ တူတယ်။ သူတို့စစ်ကြောင်း မိုင်းဆွဲခံရတော့ ရွာတွေကို ဝင်မွှေသွားတာ။ ကြေးမုံရွာ၊ ခင်မွန်နဲ့ စုစုပေါင်း ၄ ရွာလောက်ကို မွှေသွားတာ။ အဆိုးဆုံးက ခင်မွန်ရွာ ဖြစ်သွားတယ်။ ကျန်ရွာတွေကတော့ အဲလိုမဖြစ်လိုက်ဘူး။ ရွာကို ဝင်တာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ဝင်တာ” လို့ Chaung Oo Revolution မှ တာဝန်ရှိသူ အမျိုးသမီး ရဲဘော်တဦးက ပြောပါတယ်။

စစ်အုပ်စုက သေနတ်နဲ့ပစ်လို့ အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်စမ်းကြည်တို့ ၂ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၇၀ နီးပါးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ခင်မွန်ရွာဟာ အိမ်ခြေ ၁၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာ ဖြစ်ပြီး စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီးနောက် ဒေသခံ ၅၀၀၀ ကျော်လည်း ရွာကနေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ခင်မွန်ရွာကို ဝင်ရောက်လာပြီး ဒေသခံ NLD ပါတီဝင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသလို ဒေသခံရာကျော်ကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးပြီးမှ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။