ချောင်းဦး၊ ဇူလိုင် ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို စစ်ကောင်စီတပ်ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ကလေး ၁ ဦးအပါ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲလောက်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် မြပုလဲဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေဟာ ကျီကုန်းရွာကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။



လက်နက်ကြီး ၂ လုံးဟာ ကျီကုန်းရွာထဲက ရွာလမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါအဝင်အမျိုးသား ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲမရှိဘဲနဲ့ ပစ်ခတ်တာ။ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တယ်ဗျ။ ရွာလမ်းမပေါ် ကျရောက် ပေါက်ကွဲတယ်။ မနီးမဝေးမှာပဲကျတာပေါ့နော်။ ထိတဲ့အလုံးကတော့ လမ်းဘေးမှာကျပြီး လမ်းသွားလမ်းလာပြည်သူတွေ ထိခိုက်တာ။”လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုသန့်က မြေလတ်အသံကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးကိုတော့ ဆေးကုသပေးနေပြီး မစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သူကဆက်ပြောပါတယ်။
ချောင်းဦးမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်မှုရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်နေထိုင်ဖို့ ချောင်းဦးမြို့နယ် ပကဖတာဝန်ခံ ကိုသန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်းကလည်း ချောင်းဦးနယ်၊ ကျီကုန်းရွာကို မြပုလဲစစ်ဂိတ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း