26 July 2026 6:15 PM

ရွှေဘိုနယ်က ရွာ ၃ ရွာ မီးရှို့ခံရလို့ နေအိမ် ၂၄၀ ကျော်ပြာကျ

0 5
0 5

ရွှေဘို၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၂၀ ရက်နေ့လည်ပိုင်းမှာ မီးရှို့သွားခဲ့တာကြောင့် လူနေအိမ်၂၄၀ ကျော် ပြာကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရွာတွေကတော့ ထူးကြီးတောင်ရွာက နေအိမ် ၁၀၀ ကျော်၊ ထူးကြီးမြောက်ရွာက ၄၀ ကျော်နဲ့ တည်ပင်ကျေးရွာက ၁၀၀ ကျော်တို့ ဖြစ်တယ်လို့ တည်ပင်ရွာခံသားတဦးက မြေလတ်အသံကို ပြောပါတယ်။

“စကစတွေက အရင်ဆုံးထူးကြီးရွာ၂ ရွာကို ရှို့တယ်။ ပြီးမှ တည်ပင်ရွာကိုရှို့တာ။ စကစတွေက နေအိမ်တွေကို မီးရှို့ပြီးတော့ တည်ပင်ရွာထဲမှာ ညအိပ်တယ်။ ၂၁ ရက်နေ့ မနက်ပိုင်းမှ ထွက်သွားကြတာ။ ဒါကပထမဆုံး မီးရှို့ခံရတာပါ” လို့ ဆိုပါတယ်။

မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပလိုင်း(ပျူ)ရွာစခန်းမှ အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ မီးရှို့သွားတာလို့ နောက်ထပ် တည်ပင်ရွာခံသားတဦးက ပြောပါတယ်။

“လူတွေကတော့ အထိအခိုက် မရှိခဲ့ဘူး။ ရွာဘက်ကို စစ်ကြောင်းထိုးလာတာကို အချိန်မီသတင်းရခဲ့လို့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ နေအိမ်တွေပဲ မီးရှို့ခံလိုက်ရတယ်။ အခုတော့ သန့်ရှင်းရေးတွေလုပ်ပြီး တဲလေးတွေ ထိုးပြီးတော့ ဖြစ်သလိုနေနေရတယ်” လို့ ဆိုပါတယ်။

ထူးကြီး(တောင်ရွာ၊မြောက်ရွာ)မှာ စုစုပေါင်း အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသလို တည်ပင်ကျေးရွာမှာလည်း အိမ်ခြေ ၅၀၀ ခန့်ရှိကာ ၃ ရွာလုံးက ရွှေဘို-မုံရွာ ကားလမ်းမဘေးမှာတည်ရှိပြီး ရွှေဘိုမြို့နဲ့ ၁၁ မိုင်ကွာဝေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မီးရှို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တည်ပင်ကျေးရွာနဲ့ ၃ မိုင်ခန့်ဝေးတဲ့ ဇီးဖြူကုန်း(ပျူ)ရွာထဲကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၄ သောင်းကျော် (၄၃၂၉၂) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Data For Myanmar ရဲ့စစ်တမ်းတွေရဲ့အရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။