မြေလတ်အသံ၊ ဇွန် ၁၄၊ ၂၀၂၄။
ကာတွန်း – နေညိုအေး
မြေလတ်အသံ၊ မေ ၂၀၊ ၂၀၂၄။
ယခုမေလသည် အညာဒေသမှ ဒေသခံပြည်သူ အများအပြားသေဆုံးခဲ့ရသည့်လ၊ သွေးစွန်းခဲ့ရသည့် မေလ ဟု ဆိုရမည်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာတွင် မေလ ၉ ရက်၌ စစ်အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၆ ဦးသေဆုံးခဲ့ရသည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ၌လည်း မေလ ၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို အပါအဝင် အရပ်သားပြည်သူ ၃၄ ဦးသေဆုံးခဲ့သည်။ မည်သည့်အဖွဲ့က သတ်သည်ကို မသိရသည့်တိုင် ကြားထဲက အရပ်သားပြည်သူများ၏ အသက်များ ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာ၌လည်း မေလ ၁၁ ရက်မှာ စစ်ကောင်စီက ဒေသခံပြည်သူ ၃၀ ကျော်ကိုဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ မကြီးအုပ်ကျေးရွာကိုလည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ရသေးသည်။
အထက်ပါဖြစ်စဉ်များသည် အညာဒေသ၌ မေလအတွင်း ရက်ပိုင်းသာခြားကာ ဆက်တိုက်ဆိုသလို ဒေသခံ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များဖြစ်သည်။ ရက်ပိုင်းအတွင်းသေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်မှာ ၁၀၀ ဝန်းကျင်အထိရှိသည်။
အညာဒေသရှိ ပြည်သူများကို သတ်ဖြတ်ရခြင်းသည် စစ်ကောင်စီအတွက် မထူးဆန်းတော့သကဲ့သို့ဖြစ်လာခြင်း၊ ထို့နည်းတူ တော်လှန်ရေးကြာရှည်လာသည့်အခါ တော်လှန်ရေး၌ပါဝင်ကြသူများကိုယ်တိုင်ကလည်း ယခုကဲ့သို့ အညာဒေသ၌ အစုလိုက်အပြုံလိုက် အသတ်ခံနေရခြင်းသည် မထူးဆန်းသည့်ကိစ္စရပ်သကဲ့သို့ ရှုမြင်လာမည်ကို လွန်စွာ စိုးရိမ်မိသည်။
အညာဒေသက အရပ်သားပြည်သူများ ယင်းကဲ့သို့အဖြစ်ဆိုးဖြင့် သေဆုံးခဲ့ရခြင်းအတွက် ကျွန်ုပ်တို့ မြေလတ် အသံသတင်းဌာနက အထူးပင်ဝမ်းနည်းကြေကွဲရသည်။
အညာဒေသတွင် ဤကဲ့သို့အဖြစ်ဆိုးများနှင့်ကြုံနေရသည့်အချိန်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ထံက မြေပြန့်ဒေသမဟာဗျူဟာထိုးစစ် စတင်တော့မည်ဟူသော သတင်းစကားတခုကြားသိရသည်။
မေ ၁၄ ရက် အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးကဦးစီးသည့် NCO အကြပ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဝန်ကြီးက အထက်ပါအတိုင်း သတင်းစကားပြောလိုက်ခြင်း ဖြစ်သည်။
လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအရ မကြာခင်ကာလ၌ အင်အားတည်ဆောက်ပြီး ပြည်သူ အားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုများကို ဖော်ဆောင်နိုင်ရန် မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်ပြီး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ကြားရခြင်းအတွက် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနမှ အထူးဝမ်းမြောက်သကဲ့သို့ လက်နက်ကိုင် တော်လှန်ရေးအတွက် လိုအပ်ချက်ပေါင်းများစွာရှိနေသည့် အညာဒေသ၌ တကယ့်လက်တွေ့လုပ်လာမည့် အရေးကိုလည်း လှိုက်လှဲစွာကြိုဆိုပါသည်။
အညာဒေသရှိပြည်သူများ၏ အသက်အိုးအိမ်များ ထပ်မံမဆုံးရှုံးရစေရန် တော်လှန်ရေးဦးဆာင်အဖွဲ့များက အညာတော်လှန်ရေးအင်အားစုများ၏ လိုအပ်နေသည့်အကူအညီများ အမြန်ဆုံးပေးနိုင်ရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာက အလေးအနက် တိုက်တွန်းလိုက်ရပါသည်။
မြေလတ်အသံ၊ ဧပြီ ၂၇၊ ၂၀၂၄။
လာမည့် မေလ ၃ ရက်နေ့သည် “ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့” (World Press Freedom Day) ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကနေ ပြန်လည်ရေတွက်ကြည့်ပါက ၃၁ ကြိမ်မြောက် အထိမ်းအမှတ်နေ့အဖြစ် တကမ္ဘာလုံးက ကျင်းပကြဦးမည်။
ထိုသို့ကျင်းပကြမည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် အနှစ်သာရရှိစွာ မပါဝင်နိုင်တော့ပါ။ အထူးသဖြင့် လွတ်လပ်ပြီးအမှီခိုကင်းသည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများနှင့် သတင်းသမားများသည် ထိုနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပခွင့်ရကြမည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများသည် သတင်းလွတ်လပ်ခွင့်နှင့်အတူ စစ်တပ်အာဏာသိမ်းထားမှုအောက်မှ မြန်မာနိုင်ငံသူနိုင်ငံသားများ လွတ်လပ်ခွင့်ရရေးကို အားသွန်ခွန်စိုက်ကြိုးစားနေကြရ၍ ဖြစ်သည်။
သတင်းမီဒီယာသမားများသည် လူထုထဲကလူများဖြစ်ရာ မြန်မာနိုင်ငံအာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖိနှိပ်ခံရမှု၊ ကန့်သတ်မှုများအောက်တွင် အများနည်းတူခံစားခဲ့ရပြီး သတင်းသမားများဖြစ်သည့်အတွက် ပို၍ပင်ဖိနှိပ်ချုပ်ချယ် ကန့်သတ်ခံခဲ့ရပြီး ဖမ်းဆီးနှိပ်စက် ထောင်ချသတ်ဖြတ်ခံရမှုများအထိပါ ခံခဲ့ရသည်။
သို့သော်လည်း သတင်းမီဒီယာသမားများသည် အထိုက်အလျောက် လွတ်လပ်စွာသတင်းရေးခွင့်ရှိမည့် နေရာများကို တိမ်းရှောင်ကာ အများပြည်သူသိခွင့်ရှိသည့် သတင်းများကို ခက်ခဲစွာရေးသားဖော်ပြလျှက် ရှိသည်။
ယင်းသို့လှုပ်ရှားသွားလာ ရေးသားတင်ဆက်နေကြရာတွင် ပြည်ပနှင့် နယ်စပ်မျဉ်းများပေါ်တွင်လည်းကောင်း ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စိုးမိုးအုပ်ချုပ်ရာ တော်လှန်ရေးနယ်မြေများတွင်လည်းကောင်း ခိုလှုံနေထိုင်သတင်းရေးသားနေကြရသည်မှာ ၃ နှစ်သို့တိုင် ကျော်ခဲ့ပြီဖြစ်သည်။
စစ်အာဏာရှင်၏မတရားမှုများကို မြန်မာသာမက ကမ္ဘာကပါ သိနိုင်ရေး ရေးသားဖော်ထုတ်ကြရာတွင် တိုင်းရင်းသား လွတ်မြောက်နယ်မြေများသည် သတင်းမီဒီယာသမားများအတွက် အားကိုးအားထားရာ ဖြစ်သလို သတင်းဌာန၊ သတင်းခန်းများသဖွယ်လည်းဖြစ်သည်။ တကယ်တမ်းလည်း အကာကွယ်ပေးစောင့်ရှောက် ကူညီမှုများရှိခဲ့သည် ရှိနေသည်ဆိုတာ ငြင်းပယ်လို့ မရပေ။
သို့ရာတွင် ဧပြီလ ၁၆ ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှတ်ကြားချက်နှင့် ဧပြီလ ၂၁ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ထုတ်ပြန်သော သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ ကျင့်ဝတ်စည်းကမ်းများတွင် ပါဝင်သော အချက်အလက်တချို့သည် သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့်နှင့် သတင်းရယူခွင့်ကို ကန့်သတ်ချုပ်ချယ်ထားသည်ကို တွေ့ရသည်။
ထုတ်ပြန်ချက်များထုတ်ပြန်ပြီး မရှေးမနှောင်းဆိုသလိုပင် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA မှ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) သို့ အိတ်ဖွင့်ပေးစာထုတ်ကာ ညွှန်ကြားချက်ပါ အချက်အချို့ကို ပြင်ဆင်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းတို့ ပြုလုပ်ပေးရန်နှင့် သတင်းသမားများ လုံခြုံရေးအာမခံချက်ပေးဖို့ ပူးပေါင်းအဖြေရှာဖို့ တိုက်တွန်းခဲ့သည်။
အလားတူ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကလည်း IEC, KNU တို့၏ထုတ်ပြန်ချက် များနှင့်ပတ်သက်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့် စံနှုန်းများ၊ တန်ဖိုးများအား လေးစားပြီး ကျင့်သုံးရန် အလေးအနက်တိုက်တွန်းကြောင်း ကြေညာချက်ကို ဧပြီလ ၂၆ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့သည်။
သတင်းသမားများကလည်း ထုတ်ပြန်ချက်တွေအပေါ် စိုးရိမ်ကြကြောင်းနှင့် ကန့်သတ်မှုများကို မေးခွန်းထုတ်ဆွေးနွေးရေးသားမှုများ အသီးသီးပြုလုပ်ခဲ့ကြသည်။
သတင်းမီဒီယာ၏ အခြေခံသဘောများနှင့် သတင်းသမားများတွင်လည်း လိုက်နာကျင့်သုံးရန် ကျင့်ဝတ်စည်းကမ်းများ ယခင်ကတည်းက ရှိထားပြီးဖြစ်သလို လိုက်နာကျင့်သုံးနေကြသည်။ ဆိုခဲ့သလို IEC, KNU တို့၏ထုတ်ပြန်ချက်ပါ အချက်အလက်အချို့မှာလည်း သတင်းမီဒီယာကျင့်ဝတ်ပါ အချက်များနှင့် သဘောအဓိပ္ပာယ် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် IEC နှင့် KNU တို့သည် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်၊ ကျင့်ဝတ်စည်းကမ်းများအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်ရန် လိုအပ်ပေမည်။ မတရားမှုကို တွန်းလှန်ကြသည့် ဘုံရည်မှန်းချက်တူသူ အချင်းချင်းကြား စိတ်ဝမ်းကွဲမှုနှင့် သက်ဆိုင်ရာကျွမ်းကျင်ပိုင်နိုင်သည့်နယ်ပယ်များအကြား ထိန်းချုပ်ကန့်သတ်မှုကို ရှောင်ရှားကာ တာဝန်ယူမှုတာဝန်ခံမှုတို့ဖြင့်သာ ညှိုနှိုင်းအဖြေရှာအပ်ပေသည်။
လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် – ၁၉ တွင် လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ သတင်းများရယူနိုင်သည် ဟုဆိုထားသည်။ ထို့အချက်သည် သတင်းသမားများအတွက်သာမက လူတယောက်စီတိုင်းအတွက် လူအဖြစ်ကိုရလာသည်နှင့် ရပိုင်ခွင့်ရှိသည့် အခြေခံအကျဆုံး အချက်ပင်ဖြစ်သည်။
လွတ်လပ်ခွင့်ဆိုရာတွင်လည်း ရမ်းကားခွင့်နှင့် ထင်ရာစိုင်းခွင့်ကို ဆိုလိုရာမဟုတ်သည်ကို အားလုံး သဘောပေါက်နားလည်ရမည် ဖြစ်သည်။ မိမိ၏လွတ်လပ်ခွင့်ကို တောင်းဆိုတိုက်ပွဲဝင်ကြရာတွင် တခြားသူ၏ လွတ်လပ်ခွင့်ကိုလည်း မထိပါးစေရန်မှာ မည့်သည့်နယ်ပယ်တွင်မဆို ကျင့်သုံးကြရမည့် တာဝန်ယူမှုတာဝန်ခံမှုပင် ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် ရည်မှန်းဖော်ဆောင်ကြခြင်းနှင့် လွတ်မြောက်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ကြရာတွင် အမှီခိုကင်းသော သတင်းမီဒီယာများအတွက် လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်များကို အားပေးမြှင့်တင်ဖို့ တိုက်တွန်းလိုသည်။
အချုပ်အားဖြင့် ဆိုရသော် သတင်းမီဒီယာများ၏အလုပ်သည် တဦးတဖွဲ့တပါတီ၏အကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကို ရှေးရှုဦးတည်ရသည်။ အများပြည်သူ အကျိုးပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည့် လူတစုတဖွဲ့၏ အကျိုးစီးပွားနှင့်ဆက်နွယ်သော ဖုံးကွယ်ထားမှုများကို သတင်းမီဒီယာက ထုတ်ဖော်ရေးသား ဖော်ပြရသည်မှာ သတင်းမီဒီယာ၏ အလုပ်ဖြစ်သည်။
တဖက်တွင်လည်း လူနည်းစုများ၏ အခွင့်အရေးကိုလည်း တန်ဖိုးထားရမည်ဖြစ်သလို ကိုယ်စီကိုယ်စီ တာဝန်ယူမှုတာဝန်ခံမှု ရှိရှိဖြင့် တရားမျှတလွတ်လပ်သော လူမှုအသိုက်အဝန်းကို ပူးပေါင်းဖော်ဆောင် နိုင်ကြပါစေကြောင်း မြေလတ်အသံသတင်းဌာနက တိုက်တွန်းရေးသားလိုက်ရပါသည်။
မြေလတ်အသံ၊ ဧပြီ ၂၂၊ ၂၀၂၄။
လမ်းပေါ်တက်ကာ လက်ဗလာနှင့် စခဲ့ကြသည့် စစ်အာဏာရှင်တော်လှန်ရေးသည် ယခုသုံးနှစ်ကျော်ကြာကာလ ထဲသို့ ရောက်လာသည့်ခါ အာဏာသိမ်းစစ်တပ်ပြုတ်ကျရေးမှာ များစွာနီးစပ်နေပြီဟု ဆိုရမည်။
မရပ်မနားတော်လှန်ခဲ့ကြသည့် စစ်အာဏာရှင်တော်လှန်ရေးခရီးသည် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှစ၍ အရှိန်အဟုန်ကောင်းကောင်းဖြင့် တော်လှန်ခဲ့ကြရာ စစ်အာဏာရှင်ဗိုလ်ချူပ်တသိုက် အတွက် အကျအဆုံး၊ အဆုံးအရှုံး အများဆုံးနှင့် ဖရိုဖရဲအဖြစ်ဆုံးအခြေအနေကိုပင် ရင်ဆိုင်နေရသည်။
၁၀၂၇ စစ်ဆင်ရေးအရှိန်သည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေးအပါအဝင် ရှမ်းပြည် တောင်ပိုင်းသို့ပင် ကူးစက်သွားခဲ့သည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီသည် နယ်မြေတခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရသည်။ ရခိုင်ပြည်နယ်တွင် လည်း အာရက္ခတပ်တော်(AA)က ရခိုင်မြောက်ပိုင်းတခုလုံးနီးပါးနှင့် တောင်ပိုင်းရှိ မြို့နယ်တချို့ကို သိမ်းပိုက် ထားပြီးဖြစ်သည်။
အလားတူ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၌လည်း အာဏာသိမ်းမင်းအောင်လှိုင်စစ်တပ်သည် အရေးနိမ့်မှု၊ နယ်မြေလက်လွှတ်ဆုံးရှုံးရမှုများ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကိုပင် KNU နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရန် ကြိုးစားလျက်ရှိ သည်။
အထက်ပါအခြေအနေများကြောင့် စစ်ကောင်စီအဖွဲ့အတွင်း၌လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏ နောက်လိုက် စစ်ဗိုလ်ချုပ်များကို ဖမ်းဆီးထောင်ချခြင်း၊ ရာထူးဖြုတ်ချ နေရာရွှေ့ပြောင်းခြင်း၊ စစ်ဗိုလ်ချုပ် အသစ်ခန့်အပ်ခြင်းများ ဆက်တိုက်လုပ်နေရခြင်းစသည့် အတွင်းပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းသည်ပင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။
ထို့ကြောင့် ယခုအချိန်သည် စစ်ကောင်စီအတွက် အကျပ်အတည်းစိုက်နေသည့်အခြေအနေ၊ တနည်းအားဖြင့် တော်လှန်ရေးပန်းတိုင်အတွက် အနီးကပ်ဆုံးသော အချိန်ဖြစ်၏။
ဤနေရာ၌ ဟာကွက်တခုဖြစ်နေသည်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ၎င်းတို့၏ပြည်နယ်များကို ၎င်းတို့ ကိုယ်တိုင်တိုက်ခိုက်သိမ်းပိုက်နေချိန် တော်လှန်ရေးအားကောင်းသည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်း၊ မကွေးဒေသများ၌ တော်လှန်လိုစိတ်များပြင်းပြသလောက် ခရီးမပေါက်ဖြစ်နေကြခြင်းပင်။
ယင်းအခြေအနေကို ယခုနှစ်သင်္ကြန်ကာလအတွင်း အညာမြေပြင်က တော်လှန်ရေးတပ်ဖွဲ့များ၏ သံချပ်များမှတဆင့် ကျယ်လောင်စွာကြားခဲ့ရသည်။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ပြ ဝေဖန်ရာ၌ ပိုနေသည့်နေရာများထက် လိုအပ်နေသည့်အညာဒေသကို ဝန်းရံကြရန်နှင့် မြေပြင်၌ဖွဲ့စည်းထားသည့် ပသုံးလုံး(ပကဖ၊ ပအဖ၊ ပလဖ)သည် လူထုအတွက် အကျိုးထက် အဆိုးသာဖြစ်နေခြင်းကြောင့် အစိုးရအဖွဲ့များ ဖွဲ့နေခြင်းထက် အာဏာရှင်ပြုတ်ကျရေးကိုသာ အားစိုက်ကြရန် စသည့်အချက်များကို နည်းမျိုးစုံဖြင့် ဝေဖန် ထောက်ပြခဲ့ကြသည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်အခမ်းအနားကိုပေးပို့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ သဝဏ်လွှာ၌ ရန်သူပတ်ခြာလည်ဝိုင်းနေပြီး ရိက္ခာဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်ပတ်သက်ပြီး စိန်ခေါ်မှုရှိနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကို NUG အနေဖြင့် ထိုက်သင့်သည့် ဦးစားပေးအာရုံစိုက်မှုများ ပြုလုပ်စေချင်သည်ဟုအကြံပြုခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် တခြားသောတိုင်းရင်းသားများနည်းတူ ဗမာတိုင်းရင်းသားနယ်မြေများရှိ လက်နက်ကိုင်တော်လှန် ရေးသမားများလည်း စစ်အာဏာရှင်ဖြုတ်ချရေးအတွက် စိတ်ရှိသလောက် ခရီးပေါက်တော်လှန်နိုင်ရန် စစ်ကိုင်း၊ မကွေးတို့ကို ယခုထက် ပိုမိုအားစိုက်ပေးရမည်ဖြစ်သည်။
အထူးသဖြင့် တော်လှန်ရေးတပ်ဦးအနေဖြင့် အစိုးရအဖွဲ့အစည်းများကို ဖွဲ့စည်းနေခြင်းထက် စစ်အာဏာရှင်ပြုတ်ကျရေးကိုသာ အဓိကထား အားစိုက်တော်လှန်ပြီး အနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစိုးရကို တိုင်းရင်းသားများနှင့်အတူ လက်တွဲတည်ဆောက်သွားကြရန် ကျွန်ုပ်တို့မြေလတ်အသံက အလေးအနက် တိုက်တွန်းအပ်ပါသည်။
Copyright © 2025 Myaelatt Athan. All rights reserved.