မြေလတ်အသံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄။
ကာတွန်း – တွမ်တည်ဝမ်း
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၄။
မြေလတ်အသံသတင်းဌာနမှ အမျိုးသမီးသတင်းထောက်တဦးနှင့် Transgender တဦးကို အမျိုးသားတဦးက ရုန့်ရင်းကြမ်းတမ်းစွာဆဲဆို ထိုးကြိတ်ခဲ့မှုနှင့်ပတ်သက်၍ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများ၊ Myanmar Journalists Club (MJC) နှင့် Myanmar Women in Media (MWiM) တို့က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
အဖွဲ့အစည်းများ၏ အထက်ပါ ရပ်တည်ထုတ်ပြန်ချက်များအပေါ် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက အထူး အလေးအနက်တန်ဖိုးထားကြောင်း ပြောကြားလိုပါသည်။
အကြောင်းမှာ ယခုဖြစ်ပွားခဲ့သည့်ကိစ္စရပ်သည် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနတခုတည်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဟု မမှတ်ယူဘဲ မြန်မာသတင်းမီဒီယာလောကတခုလုံးနှင့် မြန်မာအမျိုးသမီးတရပ်လုံး၏ အရေးဟု ကျွန်ုပ်တို့က မှတ်ယူသည်။
သတင်းသမားတဦးနှောင့်ယှက်စော်ကားခံမှုအပေါ် ယခုအကြိမ် နှုတ်ဆိတ်နေမည်ဆိုလျှင် မြေပြင်ရှိ သတင်းသမားများ၏ လုံခြုံရေးနှင့် တော်လှန်ရေးကာလ သတင်းစာလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ဖွယ်ရာ ရှိသည်။
အညာဒေသ၌ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားမှုများရှိနေသည့်တိုင် ထုတ်ဖော်မပြောရဲသည့် အခြေအနေများရှိသည်။ ယခုလို ရဲဝံ့စွာထုတ်ဖော်ပြောကြားလာချိန်၌လည်း ကာကွယ်ရပ်တည်ခြင်း မပြုနိုင်ပါက တာဝန်မဲ့ရာ ကျမည်ဟု ကျွန်ုပ်တို့က မှတ်ယူသည်။
အရာတော်မြို့နယ်တွင်း အမျိုးသမီးသတင်းထောက်တဦးနှင့် Transgender တဦးကို ထိုးကြိတ်စော်ကားခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာန၏ အရေးတယူဆောင်ရွက်ပေးမှုကိုလည်း အသိအမှတ်ပြုတန်ဖိုးထားသလို တခြားသော မတရားမှုများနှင့် အမျိုးသမီးများ နိုင့်ထက်စီးနင်းပြုကျင့်ခံရမှုများအတွက်လည်း အမှန်တရားဘက်မှ ဆက်လက်ရပ်တည်ပေးသွားရန် ကျွန်ုပ်တို့က တောင်းဆိုသည်။
နိဂုံးချုပ်အားဖြင့် သတင်းသမားနှင့် အမျိုးသမီးများ ဖိနှိပ်စော်ကားခံရမှု အမှန်တရားပေါ်ပေါက်ရေး၊ ကျူးလွန်သူကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ဆက်လက်ရပ်တည်ပြီး မြန်မာပြည်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အမျိုးသမီးများအား ဆက်လက် ကာကွယ်ပေးကြရန် ကျွန်ုပ်တို့မြေလတ်အသံ သတင်းဌာနက အလေးအနက် တိုက်တွန်းပြောကြားလိုပါသည်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၄။
ကျွန်ုပ်တို့ မြေလတ်အသံ သတင်းဌာန၌ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးအား ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီအချိန်၌ ဝင်းကျော်ဆိုသည့် အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့သည်။
အခင်းဖြစ်ပွားသည့်အချိန်၌ မငြိမ်းချမ်းမေသည် အင်တာနက်ဆိုင်အတွင်း အင်တာနက် အသုံးပြုကာ အလုပ် တာဝန်ထမ်းဆောင်နေသည့်အချိန် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာန၌လည်း သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့သည့် အမျိုးသားက သိရှိထားပြီးဖြစ်သည်။
ယင်းအခြေအနေတွင် အဆိုပါအမျိုးသားက သတင်းထောက်ငြိမ်းချမ်းမေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် ငြိမ်းချမ်းမေ၏ သတင်းထောက်အလုပ်နှင့် အလုပ်လုပ်နေသည့် သတင်းဌာနကိုပါစော်ကားပြောဆိုမှုများလုပ်ခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းမေ၏ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီးတဦး) ကိုလည်း နှုတ်အားဖြင့်စော်ကားပြောဆိုပြီးနောက် မျက်နှာကို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။
အခင်းဖြစ်ပွားသည့်အချိန်တွင် အင်တာနက်ဆိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် အရာရှိတချို့လည်း ရှိနေပြီး ၎င်းတို့မှ ဖြစ်စဥ်အပေါ် တစုံတရာ ကြားဝင်ဖြန်ဖြေတားမြစ်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အမျိုးသမီးသတင်းထောက် ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း လိင်ပိုင်းဆိုင်ရာ တိုင်းထွာဆဲဆိုခြင်းအပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ဤသို့ပြုမူခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အမျိုးသမီးများအပေါ် နိုင့်ထက်ပြုမူစော်ကားခြင်းအဖြစ် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက ရှုမြင်ရှုတ်ချသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းနှင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့်လည်း အမျိုးသမီးသတင်းထောက် အပါအဝင် အမျိုးသမီး ၂ ဦး ကိုယ်ထိလက်ရောက်စော်ကားမှုခံရခြင်းအပေါ် တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံတိုက်တွန်းအပ်သည်။
ထို့အပြင် အမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ ဝင်းကျော်သည် အရာတော်မြို့နယ်အတွင်း စီးပွားရေးလုပ်ကိုင်နေသကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်လည်း နီးစပ်သူဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် ကျွန်ုပ်တို့၏သတင်းထောက် ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ၏ လုံခြုံရေးကို အထူးစိုးရိမ်ပူပန်မိသည်။
သို့ဖြစ်၍ NUG လက်အောက်ခံ အရာတော်မြို့နယ် ပကဖ၊ ပအဖ၊ ပလဖနှင့် PDF တပ်ရင်းများအနေဖြင့် သတင်းထောက်ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner တို့ လုံခြုံမှုရရှိစေရေးအား ကူညီဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံ တိုက်တွန်းအပ်သည်။

မြေလတ်အသံ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၄။
ပဋိပက္ခများ၊ စစ်ပွဲများ၏ အဆုံးသတ်၌ ငြိမ်းချမ်းရေးရှိသည်။ စစ်ပွဲများအလွန် စားပွဲဝိုင်း၌ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရမည် ဆိုသည့်အချက်သည် အားလုံး လက်ခံသဘောပေါက်ထားပြီ ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးသည် ဇွတ်အတင်း တည်ဆောက်၍ ရကောင်းသည့် အရာမဟုတ်။
စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးရေးကို မည်သို့တွေ့ဆုံကြမည်၊ မည်သူတွေ ပါဝင်ကြမည် စသည့်အချက်များအပေါ် မူတည်၍ ငြိမ်းချမ်းရေးသည် စစ်မှန်သော ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးဖြစ်သည်၊ ကာလတို ဆေးမြီးတို အတုအယောင် ငြိမ်းချမ်းရေးသာဖြစ်သည်ဟူ၍ ကွဲပြားပါလိမ့်မည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းခံလိုက်ရသည့် ၂၀၂၁ ကစ၍ ယနေ့အချိန်ထိ စစ်တပ်၏ လက်ချက်ဖြင့် အရပ်သား ၅,၆၀၀ ကျော်သေဆုံးခဲ့ရပြီး ၂ သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံအတွင်း မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်ပေါင်း ၁ သိန်းကျော် ရှိပြီး ယင်းအရေအတွက်တွင် စစ်ကိုင်းတိုင်းတခုတည်း၌ နေအိမ် ၇ သောင်းကျော်ရှိသည်ဟု Data for Myanmar ၏ နိုဝင်ဘာလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် အရေအတွက်သည် ၆ ဒသမ ၆ သန်းကျော်ရှိနေသည်ဟုဆိုသည်။ အဆိုပါအရေးအတွက်တွင် ၂ ဒသမ ၈ သန်းကျော်သည် စစ်ကိုင်းတိုင်းမှ ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
အထက်ပါ မြန်မာပြည်သူများ၏ သေဆုံးခဲ့ရမှု၊ နစ်နာဆုံးရှုံးမှုများအတွက် အာဏာသိမ်းစစ်တပ်သည် တာဝန်ယူ၊ တာဝန်ခံ ရမည်ဖြစ်သည်။ ဤနစ်နာဆုံးရှုံးမှုများကို လျစ်လျူရှု မေ့ပျောက်ပြီး တွေ့ဆုံဆွေးနွေးမည့် ကြိုးစားအားထုတ်မှုသည် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်လာမည် မဟုတ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသည့် တန်းတူညီမျှသည့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို မပေးနိုင်သ၍၊ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍရှိနေသ၍ ငြိမ်းချမ်းရေးသည် စစ်မှန်သည့်ငြိမ်းချမ်းရေးဖြစ်လာစရာ အကြောင်းမရှိ။
အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် မည်သို့ပင် ဖိအားများပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တချို့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေပါစေ၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မည်သို့ပင် ခြိမ်းခြောက်ချော့မြူပြီး ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေပါစေ အထက်၌ ဖော်ပြခဲ့သည့်အချက်များကို အာမခံချက် မပေးနိုင်သ၍ မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ထွန်းလာဖွယ်ရာ အကြောင်းမရှိ။
ထို့ကြောင့် မြန်မာနိုင်ငံတွင် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို လျှောက်လှမ်းချင်သည်ဆိုပါက တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေးနိုင်မှ၊ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ စစ်တပ်ကြီးထွက်သွားနိုင်မှ၊ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုပေါင်းများစွာကို စစ်တပ်အနေဖြင့် တာဝန်ခံပြီးမှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးကို မလွဲမသွေရရှိမည် ဖြစ်ကြောင်း ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက သဘောပေါက်ယုံကြည်ထားသည်။
မြေလတ်အသံ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People’s Liberation Army – BPLA) အညာဒေသသို့ အခြေချမည်ဆိုသည့် သတင်းစကားသည် ဝမ်းမြောက်ဝမ်းသာကြိုဆိုစရာဖြစ်သည်။
BPLA သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေအတွင်း အခြေခံစစ်ပညာကို သင်ယူပြီး တပ်ကို ထူထောင်ခဲ့သည်။ အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းကို ရက္ခိုင့်တပ်တော်(AA)က ပေးခဲ့သည်ဟု သိရသည်။ ရှမ်းပြည်မြောက်ပိုင်း၌လည်း အခြေစိုက်ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် စစ်ရေးအတွေ့အကြုံရှိ တပ်တခုဖြစ်သည်။
တနည်းအားဖြင့် BPLA သည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားထဲမှ ပေါက်ဖွားခဲ့သည့် ဗမာကိုယ်စားပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဟု ဆိုရမည်။
၎င်းတို့၏ နိုင်ငံရေးရည်မှန်ချက်များမှာ (၁) အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ (၂) လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ (၃) ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး၊ (၄) ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ်ယူနစ် သို့မဟုတ် ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေး၊ (၅) ပြည်သူလူထုတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး ဖြစ်သည်။
အဆိုပါ ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားသည့် BPLA က အညာဒေသသို့ အခြေချမည့်အကြောင်းပြောလာခြင်းဖြစ်သည်။
မဟာမိတ်ဒေသများ၌ တပ်တည်ဆောက်ပြီး တိုက်ပွဲအတွေ့အကြုံယူနေခြင်း၏ အဓိက ရည်မှန်းချက်သည် ဗမာအများစုနေထိုင်သည့် ပြည်မထဲသို့ ထိုးဖောက်ပြီး ယင်းဒေသ၌ စိုးမိုးနေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်၊ ချေမှုန်းရန်ဖြစ်သည်ဟူသော BPLA ကို ဦးဆောင်နေသူ မောင်ဆောင်းခ၏ ကတိစကားအတိုင်း ဖြစ်လာပြီဟု ဆိုရမည်။
အညာဒေသကို အခြေချမည့် BPLA အတွက်လည်း စိန်ခေါ်မှုများက အသင့်စောင့်ကြိုနေသည်ဟု ဆိုချင်သည်။
အညာဒေသသည် တော်လှန်ရေးအားကောင်းသလို လက်နက်ကိုင်အဖွဲ့အစည်း ရာချီရှိရာ NUG/MOD လက်အောက်ခံတပ်ရင်းများရှိသည့်နည်းတူ ၎င်းတို့၏ လက်အောက်ခံ မဟုတ်သည့် ဒေသတော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များစွာလည်းရှိကြသည်။
အဆိုပါ တပ်ရင်း၊ တပ်ဖွဲ့များကြား၌လည်း အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်မှုများရှိကြသည်။ ယင်းအခြေအနေသည် MOD လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များကြား၌လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။
ထို့ကြောင့် BPLA ကို ဦးဆောင်သူ မောင်ဆောင်းခက BPLA သည် NUG/MOD လက်အောက်ခံမဟုတ်သော်လည်း အညာဒေသသို့အခြေချသည့်အခါ NUG/MOD လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့အပါအဝင် တခြားသော ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့်ပါ ညီညွတ်ရေးကိုရှေးရှုပြီး အားလုံးနှင့်အတူတကွ ပူးပေါင်းရွက်ဆောင်သွားမည်ဟု ကြိုတင်အသိပေးထားသည်။
စစ်ရေးနှင့်ပတ်သက်ပြီး အညာဒေသ၏ နောက်ထပ်စိန်ခေါ်မှုတခုမှာ လက်နက်ကိုင်တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာလာသည့်တိုင် အညာတော်လှန်ရေးရဲဘော်အများစုသည် လက်လုပ်သေနတ်များကိုသာ ကိုင်နေရဆဲဖြစ်သလို လက်နက်ခဲယမ်းမလုံလောက်သည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။
ထို့ကြောင့်လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့်တိုင် လက်နက်ခဲယမ်းမလုံလောက်သည့် အတွက် တချို့သောမြို့နှင့် စခန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်သည့် အခြေအနေများရှိသည်။
ဤနေရာတွင် အထူးပြုထောက်ပြလိုသည်မှာ သက်ဆိုင်ရာတော်လှန်ရေးဦးဆောင်အဖွဲ့များ၏ ထောက်ပို့မှု အားနည်းနေခြင်း၊ ၎င်းတို့၏ အညာဒေသ တော်လှန်ရေးအပေါ် မတူညီသည့် ရှုမြင်ပုံများနှင့် BPLA ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့အပြင် ဗမာဖက်ဒရယ်ယူနစ် သို့မဟုတ် ဗမာပြည်/ ဗမာပြည်နယ် တည်ဆောက်ရေးဆိုသည့် ရည်ရွယ်ချက် ရှိသည့် BPLA အတွက် နောက်ထပ်စိန်ခေါ်မှုတခုမှာ ကိုယ်စားပြုမှုမတူညီကြသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊ စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) စသည့်အဖွဲ့အစည်းများကြား မည်သို့ ဟန်ချက်ညီညီ ထိတွေ့ဆက်ဆံသွားမလဲဆိုသည့်အချက် ဖြစ်သည်။
တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညီညွတ်ညွတ်တိုက်ပွဲဝင်ခဲ့သည့် BPLA သည် အညာဒေသ၌ စစ်အာဏာရှင်လက်နက်ကိုင်တော်လှန်ရေးကို ဗမာတိုင်းရင်းသားအချင်းချင်းနှင့် မည်သို့ဖော်ဆောင်သွားမည်ဆိုတာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။
အညာပြည်သူ၊ အညာဒေသအတွက် အမှန်တကယ်ကိုယ်စားပြုသည့် စစ်မှန်ကောင်းမွန်သော မည်သည့်လုပ်ရပ်မျိုးကိုမဆို၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းများကြားရှိ မည်သည့်ညီညွတ်ရေးကိုမဆို ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက အစဉ်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
မြေလတ်အသံ၊ စက်တင်ဘာ ၂၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်မြင်တွေ့နေရသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့်မြို့များ၊ အုပ်ချုပ်ခွင့်မရသော ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွင်ပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်မြင်တွေ့လာရသည်။
ယခုလ(စက်တင်ဘာ) ၄ ရက်က ထုတ်ပြန်သည့် UNHCR ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုကို ပိုမိုပြုလုပ်လာကြောင်း၊ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ဇွန်လအထိ တနိုင်ငံလုံးတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၆၁၃ ယောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်အရ စက်တင်ဘာ ပထမပတ်အတွင်း၌ပင် စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူအရေ အတွက်မှာ ၄၀ ဦး အထိရှိခဲ့သည်။
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင်လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တလအတွင်း ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု စက်တင်ဘာ ၂၂ ရက်တွင် TNLA က ထုတ်ပြန်သည်။
စက်တင်ဘာပထမပတ်အတွင်း၌ပင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်း၌ စစ်တပ်၏ လေကြောင်းဗုံးကြဲခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့သည်။
အလားတူ ရခိုင်ပြည်၌လည်း စက်တင်ဘာ ၈ ရက်က စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသား စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရသည်။
အညာဒေသကိုကြည့်မည်ဆိုလျှင်လည်း ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲခြင်းကြောင့် စစ်ကိုင်း တိုင်းမှလွှဲ၍ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်း အရပ်သားပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။
မြေလတ်အသံ၏ လေ့လာစောင့်ကြည့်မှုအရ စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ မကွေးတိုင်းနှင့် မန္တလေးတိုင်း အတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၂၃ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ များစွာရှိခဲ့သည်။
အထက်ပါ သေဆုံးထိခိုက်ဒဏ်ရာရသူများတွင် ကလေး၊ အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်သည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုရှိသလို နွား ၂၈ ကောင်လည်း သေဆုံးခဲ့ရသည်။
စက်တင်ဘာ ၆ ရက် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာ လေကြောင်းဗုံးကြဲခံရမှုတွင် ဗုံးခိုကျင်း အတွင်းဝင်ရောက်ခိုလှုံနေသည့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးသေဆုံးခဲ့သည်။
သေဆုံးခဲ့သူများတွင် အသက် ၆ နှစ်အရွယ်မိန်းကလေးတဦးသည် မျက်နှာနှင့် လည်ပင်း ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ တခြားသော အမျိုးသမီးများမှာလည်း ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ထွက်နေသည့် အခြေအနေ များဖြင့် သေဆုံးခဲ့ရသည်။
ပြင်းထန်သည့် ဗုံးဒဏ်ကြောင့် လူတွေသေဆုံးသည့်အပြင် စာသင်ဆောင် ၃ ဆောင်၊ နေအိမ် ၃ လုံး၊ ကား ၁ စီး ပျက်စီးသလို နွား ၇ ကောင်လည်း သေဆုံးခဲ့သည်။ ရိုက်ကူးထားသည့်ဓာတ်ပုံများအရ ဗုံးကျခဲ့သည့်နေရာသည် အပျက်အစီးများ၊ လူသေကောင်များဖြင့် တကယ့်ကို အနိဋ္ဌာရုံမြင်ကွင်းပင်။
ဤမြင်ကွင်းများ အညာဒေသတွင် ယခုရက်ပိုင်း၌ ဆက်တိုက်ဆိုသလို မြင်တွေ့လာရသည်။ ယခုအတိုင်းဆိုလျှင် လာမည့် ပွင့်လင်းရာသီ ပွဲတော်ကာလရောက်သည့်အခါ ပဇီကြီးလိုဖြစ်စဉ်မျိုး ထပ်မံကြုံရနိုင်ဖွယ်ရှိသည်။
ထို့ကြောင့် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုအပေါင်းက အရပ်သားပြည်သူများ လွတ်မြောက်ဖို့ မည်သို့လုပ် ဆောင်ကြမည်နည်းဆိုသည့် အမေးပုစ္ဆာတခုသည် အညာဒေသက တော်လှန်ရေးတပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် အမြန်ဆုံးအဖြေပေးရမည့် အမေးပုစ္ဆာတခုဖြစ်ကြောင်း ကျွန်ုပ်တို့မြေလတ်အသံက အထူးသတိပြုဖော်ပြလိုက်ရပါသည်။
မြေလတ်အသံ၊ ဩဂုတ် ၂၇၊ ၂၀၂၄။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းအလွန် ယခုဩဂုတ်လထဲ၌ အညာဒေသတခွင်၌လည်း စစ်ရေးအရှိန်မြှင့်လာသည်ကို တွေ့ရသည်။
ဇွန် ၂၅ ရက်၌ ပြန်လည်စတင်ခဲ့သည့် ၁၀၂၇ ဒုတိယလှိုင်းတွင် TNLA၊ MDY PDF နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များသည် နောင်ချိုမြို့ကို ဦးစွာသိမ်းပိုက်ခဲ့သည်။ ယင်းနောက်မှာတော့ မိုးကုတ်၊ လားရှိုး၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းစသည့် မြို့များကို ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ကြသည်။
အထက်ပါ EAO နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်မှုများတွင် အညာတော်လှန်ရေးရဲဘော်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွေ့ အကြုံများရယူခဲ့ကြသည်။ ရင်းနှီးပေးဆပ်မှု ကြီးကြီးမားမားပေးခဲ့ရသည်ဟုလည်း သိရသည်။
မည်သို့ပင်ဆိုစေ တိုင်းရင်းသားပြည်နယ်များသည် လွတ်မြောက်နယ်မြေများအဖြစ်သို့ တ ဖြည်းဖြည်းရောက်ရှိ လာကြပြီဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးများတွင် ရင်းနှီးပေးဆပ်မှုများနှင့်အတူ အတွေ့အကြုံ၊ သင်ခန်းစာ များစွာရခဲ့ကြသော အညာတော်လှန်ရေးရဲဘော်များသည် ယခုအခါ အညာဒေသလွတ်မြောက်ရေးအတွက်လည်း တိုက်ပွဲများဖော်ဆောင်နေကြပြီဖြစ်သည်။
ဩဂုတ်လအတွင်း မန္တလေးတိုင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် စသည့် မြို့နယ်များ၊ မကွေးတိုင်းရှိ ရေစကြို၊ မြိုင်၊ စလင်း၊ ကမ္မ၊ မင်းဘူးစသည့် မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စခန်းသိမ်း တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲလျက်ရှိသည်။
စစ်ကိုင်းတိုင်း၌လည်း ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေတခုအထိ အောင်မြင်မှုများရရှိခဲ့သည်။ လက်ရှိ၌ စစ်ကိုင်းတိုင်းရှိ အင်းတော်မြို့နှင့် ထီးချိုင့်မြို့ ကို တော်လှန်ရေးတပ်ဖွဲ့ များက သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိသည်။
ပဲခူးတိုင်းအနောက်ခြမ်းကို ကြည့်မည်ဆိုပါကလည်း ဩဂုတ်လ နောက်ဆုံးပတ်၌ ပြည်မြို့အနီးရှိ ဝက်ထီးကန်နှင့် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကြသည်။
ယင်းကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အတူ ပြည်သူလူထုအနေဖြင့် မြေလတ်ဒေသ၊ အညာဒေသ လွတ်မြောက်နယ်မြေအဖြစ်ရောက်ရှိနိုင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များအား ဝန်းရံပံ့ပိုးကြရမည်ဖြစ်သည်။
အလားတူ ယခုအချိန် အခွင့်အခါကောင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG/MOD) အနေဖြင့်လည်း မြေပြင်က တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များကို မှန်ကန်သည့် ဦးဆောင်မှုဖြင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးနိုင်မှသာလျှင် တိုင်းရင်းသားဒေသများနည်းတူ မြေလတ်ဒေသ၊ အညာဒေသသည်လည်း စစ်ရေးအောင်မြင်မှု များရရှိကာ လွတ်မြောက်နယ်မြေအဖြစ်သို့ တဖြည်းဖြည်းရောက်ရှိလာမည်ဖြစ်သည်။
တိုင်းရင်းသားဒေသအသီးသီးတို့ စစ်အာဏာရှင်လက်အောက်က ရုန်းထွက်တိုက်ပွဲဝင်နေကြသည့် စစ်ရေးလှိုင်း အရှိန်ကိုစီးကာ အညာဒေသလွတ်မြောက်ရေးအတွက် ကြိုးပမ်းနိုင်မှသာလျှင် တော်ရာကျမည်ဖြစ်ကြောင်း ကျွနှ်ပ်တို့မြေလတ်အသံသတင်းဌာနမှ အလေးအနက်တိုက်တွန်းအပ်ပါသည်။