■ လက်ပံတောင်အနီးကျေးရွာတချို့မှာ စစ်ကြောင်းထိုးပြီး မဲရုံဖွင့်ဖို့လုပ်နေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ
ဆားလင်းကြီး၊ ဇန်နဝါရီ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်အနီးက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က တကျော့ပြန်စစ်ကြောင်းထိုးလာတာကြောင့် လူထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်အင်အား ၇၀ ခန့်ဟာ ဇန်နဝါရီ ၂၁ ရက် ယမန်နေ့ နေ့လယ်ပိုင်းမှာ ဖောင်းကား(တောင်)ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကာ လက်ရှိအထိတပ်စွဲထားပြီး မဲရုံပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းသဘောမျိုး မဟုတ်ဘူးပေါ့၊ ဒီ ဝမ်ပေါင်ကကောင်တွေက မဲရုံလုပ်မယ်လို့ သတင်းရထားတယ်ပေါ့နော်။ မဲရုံလုပ်မယ့်ဟာက ဖောင်းကားတောင်ရွာ စာသင်ကျောင်းထဲကို လုပ်ဖို့ရာ အလားအလာရှိတယ်ပေါ့။ အဲဒီနေရာက တတိယအပိုင်းထဲမှာပါတာ” လို့ ဆားလင်းကြီးဒေသခံ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်ကစတင်ကာ ညောင်ပင်ကြီးဇက်ဆိပ်ကတဆင့် တရုတ်ကြေးနီစီမံကိန်းအတွင်းရှိမိုင်းမြို့ကို စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ရောက်ရှိနေပြီး မိုင်းမြို့စာသင်ကျောင်းမှာ မဲရုံဖွင့်ဖို့လုပ်ဆောင်နေတယ်လို့ နောက်ထပ် မိုင်းမြို့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ရောက်တာကတော့ ၂၀ ရက်နေ့က ရောက်တာ၊ မိုင်းကို မဲပုံးထောင်မလို့လာတာ၊ အယောက် ၅၀လာတာ၊ အဲဒီလူတွေကို ဦးပိုင်ကနေ ချက်ပြုတ်ပြီး ကျွေးမွေးတယ်။” လို့ သူက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းမှာ ဇန်နဝါရီ ၂၁ ရက်ကစလို့ လုံခြုံရေးပိုမိုတင်းကျပ်လာပြီး ဇန်နဝါရီ ၂၂ ရက် ဒီကနေ့မနက်မှာတော့ ဖောင်းကား(တောင်)ရွာက စစ်ကြောင်းဟာ ကံကုန်းကျေးရွာအထိ ရောက်ရှိနေကာ တရုတ်ကြေးနီစီမံကိန်းအတွင်းမှာလည်း စစ်တပ်အင်အား ၃၀၀ ခန့်အထိ ထပ်မံတိုးမြှင့်ထားတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေဆီက သိရပါတယ်။

ယင်းမာပင်ခရိုင်ထဲက အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းနဲ့ အမှတ် ၂၈ ရဲတပ်ရင်းတွေမှာလည်း ဇန်နဝါရီလတတိယအပတ်ထဲမှာပဲ တပ်အင်အားဖြည့်တာတွေ၊ အပြောင်းအလဲလုပ်တာတွေရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃ မှာ ဆားလင်းကြီးမြို့နယ်ပါဝင်ပေမယ့် ဆားလင်းကြီးမြို့ပေါ်ရပ်ကွက် ၃ ခုနဲ့ ကျေးရွာအုပ်စု ၃၈ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေအရ ဆားလင်းကြီးမြို့ပေါ်မှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့အပြင် တရုတ်ကြေးနီစီမံကိန်းအတွင်းက မိုင်းမြို့ကလွဲရင် ဆားလင်းကြီးတမြို့နယ်လုံးမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာပါ။

ဆားလင်းကြီးမြို့နယ်ဟာ စစ်ကော်မရှင်ရဲ့ ရွေးကော်ပွဲမတိုင်ခင်ကာလတွေကတည်းက ရွေးကောက်ပွဲဆန့်ကျင်မှုအားကောင်းတဲ့မြို့နယ်ဖြစ်ပြီး ဒေသတွင်းသပိတ်အဖွဲ့တွေနဲ့ ပြည်သူတွေပူးပေါင်းပြီး အင်အားထောင်ချီနဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း သပိတ်တွေ မကြာခဏပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ပုံစာ – ဆားလင်းကြီးမြို့နယ်အတွင်း ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုအချို့အား တွေ့ရစဉ်။



