မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆။
ရခိုင်ရိုးမနှင့် တဆက်တည်းရှိပြီး အာရက္ခတပ်တော် – AA နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခပ်သုတ်သုတ်ရောက်လာပြီး ခပ်သုတ်သုတ်ပင်ပြန်သွားကြောင်း ပန်းတောင်းတပ်နယ်သတင်းရင်းမြစ်များက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်မြို့သို့ နှစ်စဥ်အနည်းဆုံးတကြိမ်ခန့်လာရောက်လေ့ရှိသည့် စစ်ခေါင်းဆောင်သည် ဧရာဝတီမြစ်တဖက်ကမ်းရှိ ပန်းတောင်းမြို့သို့ တခေါက်မျှခြေဦးပင်မလှည့်ခဲ့သော်လည်း ဇန်နဝါရီ ၁၁ ရက် ရွေးကောက်ပွဲအပိုင်း ၂ ပြုလုပ်ရန် ရက်ပိုင်းအလိုတွင် ပန်းတောင်းမြို့သို့ ခါတော်မီလာရောက်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်သတင်းထုတ်ပြန်ရေးချန်နယ်များတွင် စစ်ခေါင်းဆောင်မှ ပန်းတောင်းမြို့နယ် ထုံးဘိုနှင့် ဆင်တဲရှိ တပ်မတော်အကြီးစားစက်ရုံများသို့ သွားရောက်ခဲ့ကြောင်း၊ မြို့ခံများနှင့်တွေ့ဆုံခဲ့ကြောင်း ဖော်ပြကြသည်။
ဒါပေမယ့် ပန်းတောင်းတပ်နယ်သတင်းရင်းမြစ်တွေကတော့ စစ်ခေါင်းဆောင်နှင့်အဖွဲ့ဟာ ရွေးကောက်ပွဲအတွက် ဦးတည်လာခြင်းဖြစ်ကြောင်း ပန်းတောင်းတပ်နယ်သတင်းရင်းမြစ်က ပြောသည်။
“ တပ်စစ်ဆိုပေမယ့် ဗိုလ်ချုပ်(ဟောင်း) ကိုကိုလွင် အတွက် အဓိက လာတာလို့ ပြောလို့ရတယ်” ဟု ဆိုသည်။
■ စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်(ဟောင်း) ကိုကိုလွင် ဘာကြောင့် ပန်းတောင်းကိုရွေးလဲ
လက်ရှိ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် သည် ယခင်က ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(အကြီးစား)အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် ဖြစ်ပြီး စစ်ခေါင်းဆောင်စိတ်ချအားကိုးရသည့် စစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်သည်။
ဗိုလ်သင်တန်း(OTS) အပတ်စဥ် ၇၁ ဆင်း ဗိုလ်ချုပ်(ဟောင်း) ကိုကိုလွင် သည် ကပစတပ်များ၏ အကြီးအကဲအဖြစ် နှစ် ဆယ်နှင့်ချီတာဝန်ယူခဲ့သူဖြစ်သည့်အလျောက် ရွေးကောက်ပွဲအတွက် နယ်မြေရွေးချယ်ရာတွင်လည်း ကပစတပ်အများစုအခြေစိုက်ထားသည့် ပန်းတောင်းမြို့နယ်ကို ရွေးချယ်ခဲ့ဟန်ရှိသည်။
ဗိုလ်ချုပ်(ဟောင်း) ကိုကိုလွင်သည် နေပြည်တော်ရှိ စစ်ခေါင်းဆောင်၏မာရဝိဇယဘုရားအား ဦးဆောင်တည်ဆောက်ပေးခဲ့သူဖြစ်ပြီး ဘုရားအပြီးသတ်ပြီးစီးချိန် ၂၀၂၃ ဩဂုတ်လတွင် အရပ်ဝတ် ပြောင်းကာ စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်နေရာပေးခံရသူလည်း ဖြစ်သည်။
ပန်းတောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၃၊ ၅၊ ၆၊ ၉၊ ၁၆ ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း (ကထက)၊ တပ်မတော်အကြီးစားစက်ရုံ တကစ ၃ (ဆင်တဲ၊ ထုံးဘို)နှင့် ခလရ ၉၁ တပ်ရင်းများအခြေစိုက်ထားသည်။
ပန်းတောင်းမြို့နယ်အတွင်း ကပစတပ်များတွင် ပျမ်းမျှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ Non CDM ဝန်ထမ်းအင်အားများ ထောင်နှင့်ချီရှိသည့်အတွက် ယင်းနယ်မြေကိုရွေးချယ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကပစတပ်အသိုင်းအဝိုင်းက သုံးသပ်သည်။
“ ဗိုလ်ချုပ် ကိုကိုလွင် က ကပစတပ်တွေမှာ အခုထိဩဇာညောင်းတယ်။ မြို့နယ်တခုတည်းမှာတင် ကပစတပ် ၈ ခုလောက်ရှိတာကလည်း ပန်းတောင်းတမြို့နယ်ပဲ ရှိတာဆိုတော့ ပန်းတောင်းကနေ လာအရွေးခံတဲ့သဘောမျိုး” ဟု ကပစတပ်တွင်း ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ စစ်သားဟောင်းတဦးက ရှင်းပြသည်။
စစ်ခေါင်းဆောင် လာရောက်ခဲ့သည်ဆိုသည့် ဆင်တဲနှင့်ထုံးဘိုရှိ တပ်မတော်အကြီးစားစက်ရုံများသည် ယခင် စက်မှု ၂ ဝန်ကြီးဌာနလက်အောက် အကြီးစားစက်မှုလုပ်ငန်းစက်ရုံများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ တွင် နိုင်ငံအနှံ့ရှိ ၎င်းအကြီးစားစက်ရုံများကို ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူကာ တပ်မတော်အကြီးစား စက်ရုံများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စက်ရုံများအား လွှဲပြောင်းရယူမှုနှင့်အတူ စက်ရုံဝန်ထမ်းအားလုံးသည်လည်း စက်မှု ၂ ဝန်ကြီးဌာနလက်အောက်မှ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်သို့ အလိုအလျောက်ရောက်ရှိသွားကာ စစ်တပ်အတွင်း အရပ်သားဝန်ထမ်းအင်အားလည်း ပိုမိုများပြားလာသည်။
ပန်းတောင်းမြို့နယ်တွင် စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်(ဟောင်း) ကိုကိုလွင် က ပြည်သူ့လွှတ်တော်၊ အားကစားနှင့်လူငယ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်(ဟောင်း) ဇင်မင်းထက် က အမျိုးသားလွှတ်တော်အတွက် ကြံ့ဖွံ့ပါတီကနေ ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်(ဟောင်း) ဇင်မင်းထက် သည် တွဲဖက်စစ်ရေးချုပ် ၊ ရဲချုပ်ရာထူးများရယူခဲ့သူဖြစ်ပြီး ၂၀၂၃ အတွင်း အရပ်ဘက်ပြောင်းရွှေ့ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးအဖြစ် လက်ရှိအထိတာဝန်ယူထားသူဖြစ်သည်။
■ တိုင်းစစ်ဌာနချုပ်တွေအခြေစိုက်ရာ တောင်ကြီးနဲ့မြိတ်မှာ ရှုံးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးတွေ
စစ်တပ်တပ်ရင်းဌာနချုပ်အများစု အခြေစိုက်ရာနယ်မြေများကို ရွေးချယ်ကာ ကိုယ်စားပြုမြို့နယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း နာမည်ကြီး စစ်တပ်ဗိုလ်ချုပ်ကြီး ၂ ဦး ရွေးကောက်ပွဲအပိုင်း ၁ တွင် ရှုံးနိမ့်ခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) အောင်အောင် က ကြံ့ဖွံ့ပါတီကိုယ်စားပြုပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ဘက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကိုယ်စားပြု အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အား မဲအရေအတွက် ၁၆,၀၀၀ ခန့်အကွာဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် သည်လည်း ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးခံရာမှာ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP) မှအနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး PP မှ အနိုင်ရရှိမှုအား USDP ဘက်က ကန့်ကွက်ထားကြောင်းလည်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
၎င်းစစ်ဗိုလ်ချုပ်ကြီးဟောင်း ၂ ဦးစလုံးမှာ စစ်ခေါင်းဆောင်အားထားရသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များဖြစ်ပြီး တိုင်းစစ်ဌာနချုပ်အပါ စစ်တပ်တပ်ရင်းအများစုနှင့် ပြည်နယ်၊ တိုင်းရုံးအခြေစိုက်ရာမြို့ကြီးများမှ ယှဥ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရွေးကောက်ပွဲအပိုင်း ၁ တွင် စစ်ခေါင်းဆောင်အားထားရသည့် စစ်ဗိုလ်ချုပ်ဟောင်းများ စစ်တပ်နောက်ခံရှိသည့် မြို့ကြီးများတွင်ပင် ရှုံးနိမ့်ထားခြင်းကြောင့် အပိုင်း ၂ တွင် အလားတူရှုံးနိမ့်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေဟန်ရှိသည်။
ဇန်နဝါရီ ၈ ရက်က ပန်းတောင်းမြို့နယ်ကို ရောက်ရှိလာပြီး စစ်ကော်မရှင်လက်အောက်ဌာနဆိုင်ရာတွေ၊ မြို့ခံတွေနဲ့တွေ့ဆုံမှုမှာလည်း ဆန္ဒမဲပေးကြဖို့နဲ့ စစ်တပ်နှင့်လက်တွဲလုပ်ဆောင်မည့်သူကို ရွေးချယ်မဲပေးကြဖို့ စစ်ခေါင်းဆောင်က ထပ်လောင်းပြောဆိုသွားသည်။
ပန်းတောင်းမြို့နယ်သည် ပဲခူးတိုင်းနှင့်ရခိုင်ပြည်နယ်အစပ်ရှိမြို့နယ်ဖြစ်ပြီး လက်ရှိ အာရက္ခတပ်တော် – AA ၏ ထိုးစစ်များဖြင့် ရင်ဆိုင်နေရကာ ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နှင့် မသုန်ရွာအခြေစိုက် ကပစ ၁၆ အနီး စစ်တပ်စခန်းတွေအထိ တိုက်ပွဲများဖြစ်ပွားနေသည့် နယ်မြေလည်းဖြစ်သည်။
ထိုမှတဆင့် စစ်ခေါင်းဆောင်သည် ဧရာဝတီတိုင်း၊ သာပေါင်းနှင့် ဟိုင်းကြီးကျွန်းမြို့နယ်တွေက ယမန်နေ့ ဇန်နဝါရီ ၉ ရက်တွင် သွားရောက်ခဲ့ကြောင်း စစ်တပ်ပိုင်သတင်းစာများက ဆက်လက်ဖော်ပြသည်။
ယင်းမြို့နယ်များ၏ တွေ့ဆုံပွဲများတွင်လည်း ၎င်းတို့စစ်တပ်သည်သာ နိုင်ငံတော်အတွက်အခိုင်မာဆုံးဖြစ်ကြောင်း စစ်တပ်နှင့် လက်တွဲလုပ်ဆောင်နိုင်မည့်သူများကိုသာ ရွေးချယ်မဲပေးကြဖို့ဆိုကာ ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။
သာပေါင်းမြို့သည်လည်း ဧရာဝတီတိုင်းအတွင်းက ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်မည့် မြို့နယ် ၉ ခု အနက် ၁ ခုပါဝင်သည်။
စစ်ဗိုလ်ချုပ်ဟောင်း လက်ရှိ လဝကဝန်ကြီး ဦးမြင့်ကြိုင်က အမျိုးသားလွှတ်တော်အတွက် PR မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ရာ သာပေါင်းမြို့နယ်က ယင်းမဲဆန္ဒနယ်အမှတ် ၁ အတွက် ပုသိမ်ခရိုင်အနေဖြင့် ပါဝင်သည်။
စစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်မည့် မြို့နယ်များသို့ ကိုယ်တိုင်သွားရောက်၍ စစ်တပ်နှင့် လက်တွဲနိုင်မည့်သူများကို မဲပေးကြဖို့ဆိုကာ လိုက်လံပြောဆိုနေခြင်းသည် ၎င်းရွေးချယ်ထားသည့် စစ်ဗိုလ်ချုပ်များ ရွေးကောက်ပွဲနိုင်စေရန် သွယ်ဝိုက်ကာ မဲဆွယ်စည်းရုံးနေခြင်းဖြစ်ကြောင်း မြန်မာ့စစ်ဖက်ရေးရာကာကွယ်ရေးနှင့်လုံခြုံရေးအင်စတီကျူ(MDSI) အဖွဲ့ဝင် CDM ဗိုလ်ကြီး ဇင်ယော် က ပြောသည်။
“ ရှေ့ကအပိုင်း ၁ မှာ သူ့လက်ရုံးဗိုလ်ချုပ်ကြီးတွေ ရှုံးထားတော့ ခုအပိုင်း ၂ မှာ ကတိုက်ကရိုက်နဲ့ လိုက်ပြီး ပြောနေတာမျိုးပေါ့။ အဓိက သူ့လူယုံတွေပြိုင်တဲ့နေရာတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူပိုအားထည့်နေတယ်။ ကြံ့ဖွံ့နဲ့သူနဲ့ ညှိနှိုင်းထားတယ်ဆိုပေမယ့် သူ့အမာခံ စစ်ဗိုလ်ချုပ်တွေကို ရှုံးမှာကိုတော့ ကြောက်နေပုံရတယ်”