မြေလတ်အသံ၊ မတ် ၂၅၊ ၂၀၂၆။
“ဘာမဆို မရေရာတဲ့ ဒီလောကလမ်းမှာလေ စွဲလမ်းသူ လွမ်းတတ်သူ မျက်ရည်ဝေ…”
စိုးလွင်လွင်က စိတ်နှလုံးသားတခုလုံးကို ဆွဲငင်ဆုပ်ယူပြီး သူ့အလွမ်းသံစူးစူးနဲ့ နင့်နင့်သည်းသည်း ဆိုနေတယ်။
…..
ဒွေးရီက “ငါ တရားလည်းသိပါတယ်။ တရားလည်းရှိတယ်။ ကိုယ့်အပူက ကိုယ့်ခေါင်းပေါ်ကျလာတော့ ငါလည်း မဟန်နိုင်ဘူး”တဲ့။
သီချင်းနားထောင်ရင်း နားထဲက မထွက်တဲ့ အသံတချို့က ရစ်သီ ရစ်သီ။
ဘာကြောင့် နားထဲက မထွက်လဲတော့ ကျနော်မသိပါ။ ဒါမျိုး အသံတွေ ကြားရတာတော့ များနေပါပြီ။ ကြားရတာ များလာလို့ ဖြစ်ခဲ့ပြီးသား၊ ပြောခဲ့ဖူးပြီးသား စကားတွေကို နားထဲက မထွက်တာလည်း ဖြစ်နိုင်ပါတယ်။
နားထောင်လက်စ သီချင်းထဲ စိတ်မရောက်တော့ဘဲ ကိုငြိမ်းမောင်ရယ်၊ ကိုဘုန်းရယ်၊ ကျနော်ရယ် သုံးယောက် ဘီယာဝိုင်းကို စိတ်ပြန်ရောက်နေပါတယ်။
အဲဒီညက ကျနော်တို့ သုံးယောက် ဘီယာသောက်နေကြတုန်း ဒွေးရီက အခန်းပြတင်းပေါက်ရှေ့ ရောက်လာပြီး အပြင်ကနေ စကားပြောတယ်။ ပြန်လာကြတာလည်း နောက်ကျတော့ သားပြန်အလာမျှော်နေတဲ့ ဒွေးရီက သူ့သားကို စိတ်ပူတဲ့အကြောင်း လာပြောတာပါ။
တကယ်တော့ ကိုငြိမ်းမောင်က တော်လှန်ရေးအလုပ် လုပ်နေရတာဆိုတော့ ဘယ်အချိန်မဆို သေနိုင်ကြောင်း၊ မဟုတ်တာတွေ့ရင် ရှင်းရှင်းပြောတတ်သူဆိုတော့ ဘက်နှစ်ဖက်ရဲ့ ဖမ်းခံရတာတွေလည်း ဖြစ်နိုင်ကြောင်း ပြောပြထားတယ်လို့ ဆိုတယ်။
ကိုဘုန်းကတော့ ဧည့်သည်ဆိုတော့ ဘီယာသောက်တာကို အပြစ်ပြောဖို့ လာတာလားဆိုပြီး မလုံမလဲ ဖြစ်နေပါတယ်။ ဒွေးရီက အဲဒီလိုပြောမယ့်လူ မဟုတ်မှန်းသိလို့ ကျနော်နဲ့ ကိုငြိမ်းမောင်ကတော့ မပူပန်ပါဘူး။ ဖြစ်ချင်တော့ သူ့သားကို စိတ်ပူတဲ့အကြောင်းပြီးတော့ သူ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့အကြောင်း ကျနော်တို့ကို ရင်ဖွင့်ပါတယ်။
လွန်ခဲ့တဲ့ ၂ လကျော်ကမှ ကိုငြိမ်းမောင်နဲ့ ကျနော်တို့ ခရီးသွားနေတုန်း သူ့အဖေက အိမ်မှာ ဆုံးထားတယ်။ ခရီးကနေအိမ်ကို ကိုငြိမ်းမောင် တယောက်တည်း ပြန်သွားပေမယ့် သူ့အဖေရဲ့ နောက်ဆုံးအချိန်ကိုတော့ မမီလိုက်ပါဘူး။
ဒွေးရီမျက်နှာက အရင်လို ပြုံးပြုံးရွှင်ရွှင် မတွေ့ရတော့တာ ၂ လကျော်ပါပြီ။
ဒွေးရီဆိုတာ အရင်က ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့သူပါ။ ကျနော် ဆယ်တန်းပြီးခါစက စလို့ ကိုငြိမ်းမောင်နဲ့ ပေါင်းမိပြီး သူ့အိမ်မှာ အမြဲလိုလိုနေတတ်၊ သွားတတ်ပါတယ်။ သူ့ယောက်ျားဆုံးပြီးတဲ့နောက်ပိုင်း ဒွေးရီမျက်နှာက တော်တော်ညှိုးလာတယ်။
ကိုငြိမ်းမောင် ပြောပုံအရတော့ ဒွေးရီက တယောက်တည်းဖြစ်ပြီးနောက်ပိုင်း နတ်တွေ၊ ဝိညာဉ်တွေ၊ ဗေဒင်တွေ အရမ်းယုံလာတယ်တဲ့။ ဒွေးရီ သွားပေါ်အောင်ပြုံးတဲ့ အပြုံးကို မြင်ရဖို့ သူ့အိမ်မှာ တော်တော်ကြာ ထိုင်ရပါတယ်။ တော်တန်ရုံဆို မပြုံးတော့တာကြောင့် အနည်းဆုံး ပရီမီယာကော်ဖီ ၂ ထုပ် သောက်လို့ ကုန်ချိန်လောက်မှ ဒွေးရီရဲ့ အပြုံးကို မြင်ရလေ့ ရှိပါတယ်။
ဒွေးရီက သူ့ယောက်ျား မဆုံးခင်ကလည်း သူ့သား ကိုငြိမ်းမောင် မိန်းမရသွားတာ၊ အငယ်ဆုံးသမီး ရန်ကုန်သွားတာလိုမျိုး ခွဲခွါခြင်းတွေကို တခုပြီးတခု ကြုံခဲ့ရတာပါ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ နေလာခဲ့သူ မိခင်တယောက်အတွက် ခြောက်ကပ်ကပ်မိသားစုဖြစ်သွားတာက ဘယ်လောက်ရင်ဆိုင်ရ ခက်သလဲဆိုတာ ဒွေးရီမျက်နှာကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
အခုတော့ အသက် ၆၀ ကျော် ဒွေးရီက သူနဲ့ ဆယ်စုနှစ် ၄ ခုလောက် အတူနေလာတဲ့ သူ့အမျိုးသားကို ပူပူလောလော ခွဲခွါထားရတယ်။ ပြန်မဆုံတော့မယ့် ခွဲခွါခြင်းမျိုးပေါ့။
ဒီလိုနဲ့ သူပြောချင်တာတွေ၊ ရင်ဖွင့်ချင်တာတွေ ဖွင့်အန်ပြီးနောက် ကျနော်တို့ရှေ့မှာပဲ ဒွေးရီ ပါးပေါ်မှာ မျက်ရည်တွေ တရစပ် စီးကျလာပါတော့တယ်။
ဘီယာကို ကျနော်တို့အားလုံး တငုံစီပဲ သောက်ကြရသေးပေမယ့် ကိုငြိမ်းမောင် မျက်နှာကြီးကလည်း ရဲတက်လာတယ်။ မျက်ရည်လည်း ဝဲလာပါတယ်။ ပြီးတော့ အားတင်းထားတဲ့ အပြုံးနဲ့ သူ့အမေကို ပြန်အိပ်ဖို့ ချော့ချော့မော့မော့ ပြောပါတယ်။ ဒွေးရီကလည်း သူ့အခန်းထဲ ပြန်ဝင် သွားပါတယ်။ Candy crush လို ကလေးဆော့တဲ့ဂိမ်းလေးတွေကို သူ့ဖုန်းနဲ့ဆော့တတ်တဲ့သူမို့ အခန်းထဲမှာ ဂိမ်းပဲဆော့နေမလား၊ ခုနကအကြောင်းတွေ ဆက်တွေးနေမလား မပြောတတ်ပါ။
ကျနော်တို့ကတော့ ဘီယာထပ်မော့ပြီး အရင်နေ့က ကျသွားတဲ့ ကျနော်တို့ရွာရဲ့ ပထမဦးဆုံး အုတ်ဂူနီပိုင်ရှင် ရဲဘော်အကိုကြီး အကြောင်း ဆက်ပြောပါတယ်။ ပထမဆုံး အုတ်ဂူနီပိုင်ရှင်ရဲ့ အသုဘကာလဆိုတော့ တရွာလုံး တိတ်ဆိတ်လို့ နေပါတယ်။ ရွာရဲ့ ဆင်းရဲတဲ့မိသားစုလိုမျိုး ဖြစ်ပေမယ့် အသုဘ ညမှာတော့ တော်တော်စည်ပါတယ်။
ဖဲဝိုင်း မထောင်ပါဘဲနဲ့ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အကုန်လာကြတယ်။ အိမ်က ဆိတ်ခြံနဲ့ဆိုတော့ နေရာထိုင်ခင်း သိပ်မကျယ်ပေမယ့် ခပ်စိပ်စိပ် ထိုင်နေကြပြီး အိမ်အပြင် လမ်းဘက်မှာလည်း အမျိုးသားတွေ တတန်းကြီး သူ့အစုနဲ့သူ ထိုင်နေကြတာပါ။ အသုဘအိမ်ကလွဲလို့ ပတ်ဝန်းကျင်အိမ်တွေကတော့ ခပ်တိုးတိုး စကားသံတွေလောက်ပဲ ကြားရပါတယ်။
အသုဘမှာ ညလုံးပေါက်စောင့်ပြီးတဲ့ နောက်နေ့မှာ မူးအောင်သောက်မယ်ဆိုပြီး ကျနော်၊ ကိုငြိမ်းမောင်နဲ့ ကိုဘုန်းတို့ ဘီယာဝိုင်းထိုင်တဲ့ သဘောပါ။ ဘီယာသောက်ရင်း ကျဆုံးရဲဘော်ကြီး အသက်ရှင်စဉ်က မာမာထန်ထန်ရှိခဲ့ပုံတွေ၊ သူနဲ့ပတ်သက်တဲ့ လွမ်းစရာ၊ သတိရာစရာတွေ၊ သူဘယ်လို ကျဆုံးသွားရပုံတွေကို ကျနော်တို့ ဆက်ပြော နေရစ်ပါတယ်။
သူကျသွားတော့ ခန္ဓာကိုယ်ဟာ အပြည့်အစုံ မပါတော့တာ၊ သူနဲ့အတူ ကျသွားတဲ့ ရဲဘော် ၂ယောက်ရဲ့ အပိုင်းပိုင်းပြတ်နေပုံတွေ၊ မိဘတွေက သားဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ မျက်နှာလေး မြင်ချင်ခဲ့ပေမယ့် မျက်နှာ မပါတော့လို့ မိသားစုတွေ ယူကြုံးမရ ဖြစ်နေကြပုံတွေ၊ မီးသင်္ဂြိုဟ်တော့ အသက်ရှင်ကျန်ရစ်တဲ့ သူ့ရဲဘော်တွေရဲ့ ယောက်ျားမျက်ရည် ကျရပုံတွေအကြောင်း သူနဲ့အတူနေရဲဘော်က ပြောတာတွေ ပြန်ပြောဖြစ်ကြပါတယ်။
ဝမ်းနည်းစရာ အဖြစ်အပျက်တွေဟာ ကျနော်တို့ဆီကို အရှိန်အဟုန်နဲ့ ပြေးဝင်ဆောင့်နေသလိုပါ။ ဒီအရပ်မှာ ဝမ်းနည်းမှုမျိုးစေ့တွေပဲ ပေါက်ပွါးနေပြီး ဝမ်းနည်းသစ်ပင်တွေ ကြီးထွားလာလိုက်တာ။ လူတွေက မလိုချင်ဆုံးအရာတွေကိုပဲ ရတတ်ကြတာ များပါတယ်။ ဒုက္ခကို ရှောင်လိုလေ ဒုက္ခနဲ့ နီးလာလေ သဘောမျိုး ဖြစ်လာတယ်လို့လည်း တွေးမိ ထင်မိပါတယ်။
ပေါ်တာဆွဲခံလိုက်ရလို့ စစ်ထဲရောက်သွားတဲ့ ရွာသားတွေ၊ ခရီးသွားရင်း လမ်းမှာ ဆုံးသွားတဲ့ အဖေတယောက် အကြောင်း တပတ်လောက်နေမှ သိသွားပြီး အလောင်းပြန်မရလိုက်တဲ့ မိသားစုဝင်တွေ၊ ရွာမှာ စီးပွါးရေးအဆင်မပြေလို့ ရွှေမျောကိုသွား အလုပ်လုပ်ရင်း လေကြောင်းကနေ ဗုံးကြဲခံနေရတဲ့ ရွာသားတွေ။
အဲဒီလို ဒုက္ခပေါ် ဒုက္ခဆင့် ဒုက္ခပင်မြင့်မှာ နားခိုနေကြရတဲ့ ရွာသားတွေလည်း ဒီအရပ်မှာ မနည်းလှပါ။ မူးပြီး သီချင်းဆိုနေကျ၊ Ukelele တီးနေကျ၊ ကဗျာရွတ်နေကျ ကိုငြိမ်းမောင်တို့ အိမ်ကလည်း အရင်လို ပျော်စရာ မကောင်းတော့ပါ။
အဲဒီညက မူးပြီး ယိမ်းထိုးအိမ်ပြန်လာပြီး ကျနော့်အိပ်ရာပေါ် ပက်လက်လှန်လိုက်တာနဲ့ အိပ်ပျော်သွားပါတယ်။ အရင်ကလည်း လူမှန်းသူမှန်း မသိအောင် မူးနေကျဖြစ်ပေမယ့် ကျနော့်အိပ်ရာမဟုတ်တဲ့နေရာတွေမှာ အိပ်ခဲ့ရတာ ညတွေဆို အိပ်မပျော်လှပါ။
ကဗ္ဗလာ ဖဲမွေ့ယာ ဘာညာတွေလို အဆင့်အတန်းမမြင့်ပေမယ့် ဒီအိမ်က ဒီအိပ်ရာဟာ ကျနော့်ကို ဘာမဆို ဖြစ်စေခဲ့ပါတယ်။ ကျနော် ဒီအိပ်ရာမှာအိပ်တာ ၆ နှစ်ကျော်ပါပြီ။ ဆယ်စုနှစ် ၁ ခုတောင် မပြည့်သေးပေမယ့် ဒီအိပ်ရာပေါ် ကျနော်နေခဲ့ချိန် ရခဲ့တဲ့ ဒီအိပ်ရာရဲ့ အငွေ့အသက်တွေကို ကျနော်က သံယောဇဉ်ဖြစ်နေပါတယ်။
သက်မဲ့ အိပ်ရာကိုတောင် စွန့်လွှတ်ခွဲခွါဖို့ မလွယ်တဲ့ ကျနော်တို့ဟာ စိတ်နှလုံးသားထဲအထိ နေရာယူထားတဲ့ သက်ရှိလူသားတွေနဲ့ ခွဲခွါရတဲ့အခါ မွကြေကျိုးပဲ့လုနီးနီး အပူတပြင်းလောင်မြိုက်ကြရပါတယ်။
အသက်ဟာ သေတတ်မှန်း သိပေမယ့် တကယ်သေတဲ့အခါ ဘယ်သူ ဟန်နိုင်ပါလိမ့်မလဲ။
မမြဲခြင်းဟာ ဓမ္မတာမှန်း သိပေမယ့် ငြိတွယ်မှုတွေကို ဖြတ်တောက်ရတဲ့ခါ ဘယ်နှလုံးသားက မလောင်ကျွမ်းဘဲ နေပါ့မလဲ။
နှုတ်က ဖွင့်ပြောစရာမလိုတဲ့ လောင်ကျွမ်းမှုတွေဟာ အသံတွေအဖြစ် ပြောင်းပြီး ကျနော်တို့နားတွေထဲ တဝဲလည်လည်ရယ်ပါ။
ပျော်ရွှင်ရယ်မောသံတွေဟာ ရပ်တန့်တတ်တဲ့သဘောရှိသလို ပူဆွေးဝမ်းနည်းရတဲ့အခါ ထွက်လာတဲ့ ငိုကြွေးသံတွေကလည်း ကျယ်ကျယ်လောင်လောင် ကြားရတတ်တဲ့ သဘောရှိပါတယ်။
ဒီလိုနဲ့ အကြိမ်ကြိမ် ပြန်နားထောင်နေမိတဲ့ စိုးလွင်လွင်ရဲ့ သီချင်းသံကိုလည်း အတွေးတွေရဲ့ အဆုံးမှာ ပိတ်ပစ်လိုက်ပါတယ်။ နောက်ထပ် ကြားရဦးမယ့် အသံသစ်တွေအတွက် အနားပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
လူ့ပတ်ဝန်းကျင်မှာတော့ လူတွေရဲ့ အဆိုးအကောင်း အသံများဟာ လူတွေဆက်ရှိနေသ၍ ကြားနေရဦးမှာပါပဲလေ။










