ရေစကြို၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံမတောကျေးရွာအနီးက ရေစကြိုပကဖစခန်း ၁ ခု စီးနင်းမီးရှို့ခံရတယ်လို့ ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မနက် ၅ နာရီခန့်မှာ တပ်မ ၉၉ ကထွက်လာတဲ့ အင်အား ၂၅၀ ပါ စစ်ကြောင်းဟာ ကျေးရွာအပြင်ဘက်ရှိ ပကဖတပ်ခွဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
” ရွာကိုရောက်ပြီးနေပြီးမှ တပ်ခွဲစခန်းကိုတွေ့ပြီး မီးရှို့တာ။ ထိတွေ့တိုက်ပွဲတော့မရှိဘူး။ သူတို့(စကစ) စခန်းကို မီးရှို့ချိန် မိုင်းဆွဲလိုက်တာရှိသေးတယ်။ သူတို့အင်အားများလို့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတာ”လို့ ရေစကြိုပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။


စစ်ကော်မရှင်စစ်ကြောင် စီးနင်းခံရလို့ စခန်းအတွင်းရှိ ဆိုင်ကယ် ၃ စီး၊ ဆိုလာ၊ ယူနီဖောင်း၊ မိုင်းတွေနဲ့ စစ်သုံးဆက်စပ်ပစ္စည်းအချို့ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါ တယ်။
အဆိုပါစစ်ကြောင်းဟာ စခန်းကိုစီးနင်းပြီးနောက် တပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ တဲ၊ ဆိုင်ကယ်၊ ဆိုလာတွေနဲ့ယူနီဖောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာထဲမှာပင် ညအိပ်နေထိုင်ကာ ဖေဖော်ဝါရီ ၁၁ ရက်မနက် ၈ နာရီလောက်မှာ မြိုင်မြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၀ ရက်ကလည်း ပေါက်မြို့နယ်က စွန်ဆိပ်ကုန်းကျေးရွာနဲ့ သံပုရာအိုင်ကျေးရွာက ဒေသကာကွယ်ရေးစခန်း ၂ ခုကို စစ်ကော်မရှင်တပ်တွေဝင်ရောက်စီးနင်းမီးရှို့ခဲ့လို့ ကျပ်သိန်းထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။














