မြေလတ်အသံ၊ ဩဂုတ် ၂၄၊ ၂၀၂၅။
ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်ခံရသည့်တိုက်ပွဲအတွင်း တိုက်လေယာဥ် ၁ စီးပါအဆစ်ပေးလိုက်ရသည့် စစ်ကော်မရှင်တပ်က ပုလဲမြို့နယ်အတွင်း ကျေးရွာများကို အငြိုးတကြီး ပြန်လည်မီးရှို့နေသည်။
ဩဂုတ်လနောက်ဆုံးပတ်အတွင်းတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နဲ့ပျူစောထီးပူးပေါင်းတပ်များက လှည့်လည်စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီး လက်ရှိအထိလည်း ကျေးရွာများအတွင်း တပ်စွဲထားဆဲဖြစ်သည်။
စစ်ကော်မရှင်တပ်များအနေဖြင့် ဩဂုတ်လဆန်းပိုင်းကတည်းက ကန့်ဒေါင့်ရွာအနီး ပျူစောထီးအထိုင်စခန်းတည်ရှိသည့် ဇီးဖြူကုန်းကျေးရွာသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တတိယအပတ်အတွင်း စစ်ကြောင်းများ စတင်လှုပ်ရှားလာခြင်းဖြစ်သည်။
ဩဂုတ် ၁၆ ရက်တွင် ဇီးဖြူကုန်းရွာပျူစောထီးအထိုင်စခန်းမှ အင်အား ၂၀၀ ကျော် ပါ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းသည် ညောင်ပင်ဇောက်ရွာ၊ ကွမ်းကိုင်းရွာများကို စတင်စစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၂၀ ရက်တွင် မင်းတိုင်ပင်ရွာကို ဝင်ရောက်တပ်စွဲကာ နေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းအထိ ကျေးရွာတွင်းအခြေပြုလျက်ရှိသည်။
” ဒီနေ့မနက်တော့ မင်းတိုင်ပင်ကစစ်ကြောင်း ထပ်ပြီးခွဲထွက်သွားတယ်လို့ ကြားတယ်။ အတည်ပြုနေကြတုန်းပဲ။ ငှက်ပျောတော(တောင်)ရွာက စစ်ကြောင်းလည်း ပြန်ထွက်နေတယ်လို့ ကြားထားတယ်” ဟု မြေပြင်အခြေအနေကိုသိရှိသူတဦးက မြေလတ်အသံကို ပြောသည်။
ထို့နောက် မင်းတိုင်ပင်ကျေးရွာအတွင်းတပ်စွဲနေသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းမှ ထုတ်နုတ်အင်အား ၆၀ ခန့်သည် ဩဂုတ် ၂၂ ရက်တွင် အိုင်းမရွာသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကော်မရှင်တပ်များ၏ မီးရှို့မှုကြောင့် အိမ်ခြေ ၁,၀၀၀ ကျော်ရှိ မင်းတိုင်ပင်ရွာ၏ ၆၀ ရာခိုင်နှုန်း (အိမ်ခြေ ၅၀၀ ကျော်) မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများမှ ခန့်မှန်းထားပြီး မင်းတိုင်ပင်နှင့် အိုင်းမရွာတို့တွင် စစ်ကြောင်းများလက်ရှိအထိ ရှိနေခြင်းကြောင့် နေအိမ်ပျက်စီးမှုအသေးစိတ်အခြေအနေများကို မသိရှိရသေးပေ။
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာရဲစခန်းကို PLA နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များက ဇွန်လ ၁၉ ရက်တွင် သိမ်းယူခဲ့ပြီး ၂ လနီးပါးအကြာ ဩဂုတ်လအတွင်း စစ်ကော်မရှင်တပ်က အဆိုပါစခန်းကို ပြန်လည်ရရှိရေးအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စခန်းသိမ်းပိုက်မခံရမီရက်ပိုင်းတွင်လည်း ဇီးဖြူကုန်းပျူစောထီးအထိုင်စခန်းတိုက်ပွဲကို လေကြောင်းပစ်ကူလာရောက်သည့် တရုတ်ထုတ် F 7 တိုက်လေယာဥ် ၁ စီး ပျက်ကျခဲ့ရာ စစ်ကော်မရှင်တပ်က လေယာဥ်မှူးသေဆုံးပြီး တိုက်လေယာဥ်လည်း ပျက်စီးဆုံးရှုံးထားသည်။
စစ်ကော်မရှင်တပ်က ကန့်ဒေါင့်ရွာအနီး ကျေးရွာများဖြစ်သည့် ညောင်ပင်ဇောက်၊ ကွမ်းကိုင်း၊ မင်းတိုင်ပင်၊ ငှက်ပျောတော၊ အိုင်းမနဲ့ ချောင်းဦး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသော်လည်း ကန့်ဒေါင့်ရွာကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း PLA အတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။
“ ကန့်ဒေါင့်ကိစ္စက အခု နောက်ပိုင်းရက်တွေ သတင်းတွေပြတ်နေတယ်ပေါ့လေ။ ပထမတုန်းက တော့ သူတို့ ကန့်ဒေါင့်ဘက်ကို စစ်ကြောင်းထိုးလာပြီးတော့ ကန့်ဒေါင့်နားအထိ ရောက်တယ်ပေါ့နော်။ တချို့သတင်းအရ လည်း သူတို့ ကန့်ဒေါင့်ထဲကို ခဏဝင်သွားတယ်၊ ဒါပေမယ့် သူတို့ ပြန်ထွက်သွားတယ်ပေါ့နော်။ ရဲဘော်တွေနဲ့ မဟာမိတ်တွေနဲ့၊ ကျမတို့ရဲဘော်တွေနဲ့ သူတို့ တချို့ရွာတွေမှာ ထိတွေ့တိုက်ပွဲဖြစ်တာတွေတော့ ရှိတယ်ပေါ့နော်၊ နောက်ပိုင်းအခြေအနေတော့ ကျမ မသိရသေးဘူး” ဟု သူက ပြောသည်။
ကန့်ဒေါင့်ရွာအနီးကို စစ်ကောင်စီတပ်များအင်အားအများအပြားဖြင့်ရောက်ရှိနေပြီး ကျေးရွာအတွင်းအခြေပြုတပ်စွဲထားခြင်းမရှိသေးသည်မှာ ကန့်ဒေါင့်ရဲ စခန်းသိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များမှ ရဲစခန်းအတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တည်ဆောက်ထားသည့် ဘန်ကာများ ၊ အဆောက်အဦများအားလုံးကို မြေတူးစက်များဖြင့် ဖြိုချဖျက်ဆီးရှင်းလင်းခဲ့ခြင်းကြောင့်ဟု မြေပြင်အခြေအနေသိရှိသူတဦးမှ ခန့်မှန်းပြောဆိုသည်။
“ ကန့်ဒေါင့်က ပြန်ပါသလောက်ဖြစ်နေပြီ။ ရွာထဲကို စစ်ကြောင်းတွေက ဝင်လိုက်ထွက်လိုက်လုပ်ပြီး ပျောက်နေတယ်။ ရဲစခန်းက ခုကဘာမှမရှိတော့ဘူး ကွင်းပြင်ကြီးလိုဖြစ်နေတာ။ အကုန်ဒိုဇာနဲ့ထိုးပြီးရှင်းထားတာ ။ ဒီကောင်တွေ ဘန်ကာတွေ ကတုတ်ကျင်းတွေ ဘာမှမရှိတော့ ရွာထဲ အပြီးမဝင်သေးတဲ့အခြေအနေမျိုး” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ်ကိုထောက်ခံရေးသားနေသည့် တယ်လီဂရမ်ချန်နယ်များတွင် မင်းတိုင်ပင်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ပြီးဟု ဩဂုတ်လ ၂၂ ရက်တွင် ရေးသားဖော်ပြနေကြသော်လည်း လက်ရှိစစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေသည့်နေရာများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အထိုင်စခန်းများတည်ရှိခြင်းမရှိဟုလည်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်စစ်ကြောင်းများက ကန့်ဒေါင့်ကျေးရွာအား ပြန်လည်ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်ကြောင်း မြေပြင်တပ်ဖွဲ့ဝင်များက ပြောဆိုထားပြီး မင်းတိုင်ပင်၊ ငှက်ပျောတော၊ အိုင်းမ၊ ချောင်းဦးနှင့် လက်ပုကန်ရွာများတွင် စစ်ကြောင်း ၁ ကြောင်းလျှင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၅ ကြောင်းခွဲပြီး တပ်ဖြန့်ထားသည်။
ထို့အပြင် ကန့်ဒေါင့်အနီးရှိ ပျူစောထီးအားကောင်းသည့် ဇီးဖြူကုန်း၊ အင်မထီး၊ သရက်ကန်ကျေးရွာအထိုင် စခန်းများကို စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းနေသည်။
ဩဂုတ်လ ၂၂ ရက်နေ့လယ်ပိုင်းတွင် ဇီးဖြူကုန်းရွာပျူစောထီးအထိုင်စခန်းသို့ မုံရွာ နမခမှ ပျံသန်းလာသည့် Mi-17 ထောက်ပို့ရဟတ်ယာဥ်ဖြင့် လူအင်အားထပ်မံဖြည့်တင်းခဲ့ကြောင်းသိရှိရပြီး ထပ်မံရောက်ရှိသည့် စစ်အင်အားများကိုလည်း ကန့်ဒေါင့်အနီးရှိ စစ်ကြောင်းများထံ ဆက်လက်ပို့ဆောင်နေကြောင်း သိရသည်။
စစ်ကော်မရှင်စစ်ကြောင်းများကြောင့် မင်းတိုင်ပင်၊ လက်ပုကန်၊ နှောကန်၊ နှောရိုး၊ ကျောက်ဖျာကန်၊ မြေနီကုန်း၊ ငှက်ပျောတော၊ စပါးစေ့၊ မန်ကျည်းကုန်း၊ အိုးဘို၊ အိုင်းမ၊ သရက်ချောင်းနား၊ သပြေကုန်း၊ ညောင်ပင်စု၊ ကုန်းကိုင်း၊ ကုက္ကိုလ်ကုန်း စသည့်ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ကျော်နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းများခွဲကာ တပ်ဖြန့်နေခြင်း၊ ကန့်ဒေါင့်ရွာအနီးကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့မှုများလုပ် ဆောင်နေခြင်းသည် ကန့်ဒေါင့်ရွာကို ရေရှည်ပြန်လည်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ထားသည်။