myaelatt athan

Sharing Information to the Local

ချောက်မြို့မှာ CGF ပြောက်ကျားတပ်ဖွဲ့အမည်သုံး ငွေလိမ်တောင်းနေမှုတွေ ပြုလုပ်နေ

မကွေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အမည်မသိအမျိုးသားတဦးက ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ အဖွဲ့အမည်သုံးပြီး လုပ်ငန်းရှင် အချို့နဲ့ ပြည်သူတွေဆီကနေ ငွေလိမ်တောင်းခံ‌နေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ လဆန်းကစပြီး အမျိုးသားတဦးက CGF ပြောက်ကျားအဖွဲ့အမည်ကို အသုံးချကာ ချောက်မြို့နယ်အတွင်းက လုပ်ငန်းရှင်အချို့ကို အလှူခံတာတွေ၊ ခြိမ်းခြောက်ငွေ တောင်းခံတာတွေ ပြုလုပ်နေတာကြောင့် မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စာထုတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ C.G.F တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေတောင်းနေတာ၊ တောက်လျှောက် အဲ့လိုတွေ လုပ်တယ်လို့ ကြားရတယ်ဗျ။ တချို့ကို အလှူခံတယ်။ တချို့လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေတောင်းတယ်။ တယ်လီနောနဲ့ လိုက်ဆက်တာ ပြီးရင် ကဒ်ပိတ်လိုက်တယ်။ အသံအရတော့ အရွယ်က လူငယ်ပိုင်းထဲကပဲ” လို့ သူက ဆက်ပြောပါတယ်။

CGF ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ငွေလိမ်လည်တောင်းခံမှု ပြုလုပ်နေသူတွေကို စုံစမ်းနေပြီး ခုလိုလုပ်ဆောင်တာမျိုး မိမိတို့အဖွဲ့အနေနဲ့ လုပ်မှာမဟုတ်သလို အလှူငွေတွေကို မတရားတောင်းခံတာ၊ ခြိမ်းခြောက်တာမျိုးလုပ်ပြီး လိမ်လည်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြို့နယ် အချို့မှာ ဒေသခံပြည်သူတွေကို PDF ထောက်ပံ့နေတယ်ဆိုပြီး ဆက်သွယ်ခြိမ်းခြောက် ငွေညှစ်တာတွေများလာတာကြောင့် ပြည်သူတွေ သတိထားကြဖို့ ထည့်သွင်းပြောထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။