12 July 2025 6:35 PM

myaelatt athan

Sharing Information to the Local

ဖလမ်းမြို့ကို ပြန်သိမ်းဖို့ စေလွှတ်ခံရတဲ့စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထွက်ပြေးလာ

အင်အား ၅၀၀ ကျော်ပါစစ်ကြောင်းက ထွက်ပြေးသူတဝက် သေဆုံးတဝက်ဖြစ်နေဟုဆို

မြေလတ်အသံ၊ ဇူလိုင်၁၁၊ ၂၀၂၅။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေး စေလွှတ်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ကို ထိန်းသိမ်းထားတယ်လို့ ကလေးမြို့ပြပြောက်ကျားစီမံချက်အဖွဲ့က ပြောပါ တယ်။

ဧပြီလနောက်ဆုံးအပတ်ကစလို့ ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကနေ စစ်အင်အား ၅၀၀ ကျော်ဟာ ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို တိုက်ခိုက်ဖို့ စေလွှတ်ခံခဲ့ရတာဖြစ်ပြီး ၎င်းစစ်ကြောင်းကနေ ဇွန်နဲ့ မေလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထွက်ပြေးလာခဲ့လို့ ဆိုပါတယ်။

” ထွက်ပြေးပြီး ကျနော်တို့ဘက်ကို ၂ လအတွင်း ရောက်ရှိလာတဲ့ အရေအတွက်ကတော့ စကစအယောက် ၂၀ နဲ့ လက်နက်က ၁၁ လက်ပါခဲ့တယ်။ တခြားတပ်တွေဘက်ရောက်သွားတဲ့ တပ်ပြေးတွေလည်း အများကြီးဗျ”လို့ ကလေးမြို့ပြပြောက်ကျားစီမံချက်အဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDM စာရင်းတင်သွင်းပေးထားပြီး ကောင်းမွန်စွာနဲ့ လွတ်လွတ်လပ်လပ်ထားသလို မိသားစုဝင်တွေကို ခေါ်ချင်တဲ့သူတွေအတွက်ကိုလည်း ကူညီခေါ် ဆောင်ပေးထားတယ်လို့ ၎င်းက ဆိုပါတယ်။

အထက်ပါစစ်ကောင်စစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက် ဒီကနေ့အထိ ကလေး-သိုင်းငင်းလမ်း တလျောက် မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ၂ လကျော်ကြာအထိ ဖလမ်းမြို့နယ်အတွင်း ဝင်ရောက်နိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

” သူတို့(စကစ)စစ်ကြောင်းက ချင်းပြည်နယ်နဲ့ ကလေးမြို့နယ်စပ် သိုင်းငင်းတောင် မရောက်သေးဘူး သေတဲ့စကစတဝက်၊ ထွက်ပြေးတဲ့စကစကတဝက်ဖြစ်နေပြီ။ ထွက်ပြေးတဲ့စကစတွေက စစ်မှုထမ်း (သင်တန်းဆင်း)တွေဗျ။ သိုင်းငင်းအနီးမှာက တိုက်ပွဲကဆက်ဖြစ်တုန်းပါ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ကလေးမြို့ကနေ သိုင်းငင်းကျေးရွာလမ်းဆုံအထိ ၂၅ မိုင်ကွာဝေးပြီး သိုင်းငင်းကနေ ဖလမ်းမြို့ကို နောက်ထပ် မိုင် ၅၀ ခန့်ကွာဝေးတာကြောင့် ချင်းတော်လှန်ရေးအင်အားစုတွေက တီးတိန်မြို့က လွဲရင် ကျန်နေရာ အများစုကိုထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ဖလမ်းမြို့ကို ရောက်ရှိဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

ဖလမ်းမြို့နယ်တခုလုံးကို ချင်းညီနောင် (Chin BrotherHood)က ယခုနှစ် ဧပြီ ၉ ရက်မှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့ သိမ်းတိုက်ပွဲမှာ အညာဒေသမှ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု(SFT)အပါအဝင် PDF ၁၇ ဖွဲ့ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။