⁨စစ်သင်္ဘော ၃ စီးပါတဲ့ စစ်ကောင်စီရိက္ခာသယ်ရေယာဥ်တန်း မိုင်းဆွဲခံရ (ရုပ်/သံ)

မုံရွာ၊ ဇူလိုင် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်‌ကြောင်းအတိုင်း အထက်ကိုဆန်တက်လာတဲ့ စစ်ကောင်စီ စစ်သင်္ဘော ၃ စီးနဲ့ တွဲတွန်း ၂၉ စီးကို မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။

မန္တလေးကနေ ချင်းတွင်းမြစ်‌ကြောင်းအတိုင်း အထက်ကိုဆန်တက်လာတဲ့ အဲ့ဒီရေယာဥ်တန်းကို ဇူလိုင် ၈ ရက် နေ့လယ် ၁၂ နာရီလောက်က မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ရှေ့ထွက်မိုင်း ၄ လုံးစီ ပွိုင့် ၆ ပွိုင့်နဲ့ မီတာ ၁၀၀ ခန့်အကွာကနေ စုစုပေါင်း မိုင်း ၂၄ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာလို့ Chindwin Fighter Group – CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။

“ထိခိုက်မှုကတော့ ရှိနိုင်တယ်၊ ထိခိုက်ပျက်စီးမှု အနည်းအများကိုတော့ ဆက်လက်စုံစမ်းနေတုန်းပါ၊ ကျနော်တို့ (မိုင်း)ဆွဲလိုက်တဲ့အချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီးမျိုးစုံပဲ၊ ရွာတွေထဲလည်း ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်။”လို့ တာဝန်ခံ ကိုငှက်ခါးက ဆက်ပြောပါတယ်။

အဆိုပါစစ်သင်္ဘောတွေဟာ ကွန်တိန်နာပုံးတွေနဲ့ လက်နက်ရိက္ခာတွေပို့ဆောင်နေတာဖြစ်ပြီး စစ်သင်္ဘောတွေက ပြန်လည်ပစ်ခတ်တာကြောင့် မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး ကျောင်းစုရွာ၊ ကျွန်းကြီးရွာအပါအဝင် မုံရွာတောင်ဘက်ကျေးရွာအချို့မှာ အဆောက်အဦနဲ့ ယာဉ်အချို့ ထိမှန်ပျက်စီးမှုရှိခဲ့ကာ ထိခိုက်မှုအတိအကျကိုတော့ မသိရှိရသေးဘူးလို့ ကိုငှက်ခါးက ပြောပါတယ်။

အဆိုပါ ရေယာဥ်တန်းက ဘယ်ကိုဆက်သွားမယ်ဆိုတာ မသိရသေးဘဲ လက်ရှိမှာတော မုံရွာဆိပ်ကမ်းတွေမှာ နေရာခွဲပြီး ဆိုက်ကပ်ထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group – CFG နဲ့ Brave Heart Army – BHA အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း စစ်ကိုင်း တပ်မ ၃၃ က ထွတ်လာတဲ့ ကြေးနီကား ၁၉ စီး၊ သံပြားကာကား၈ စီး၊ မိုးကာအုပ် ၆ ဘီးကား ၃ စီးကို Chindwin Fighter Group – CFG က မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။