myaelatt athan

Sharing Information to the Local

ကမ္မမြို့နေအိမ်တွေက ပစ္စည်းသယ်ထုတ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို PDF က အနီးကပ်ပစ်လို့ ၇ ဦးသေဆုံးဟုဆို

0 2
0 2

မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့အတွင်း ပြည်သူနေအိမ်တွေကို ဝင်ရောက် ပစ္စည်းတွေယူနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ပြောပါတယ်။

ဇွန် ၂၆ ရက် မနက် ၁၀ နာရီခန့်မှာ အင်အား ၅၀ ခန့်ပါစစ်ကောင်စီတပ်ဖွဲ့က ကမ္မမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ နေအိမ်တွေကိုဝင်ရောက်ကာ ကား ၂ စီးနဲ့ ပစ္စည်းတွေတင်ဆောင်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက မီတာ ၅၀ ခန့်အကွာကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကမ္မမြို့တွင်းမှာပစ္စည်းတွေယူတာတွေလဲရှိတယ်ဗျ။ ပြည်သူတွေကလဲရှောင်နေရတာဆိုတော့ပစ္စည်းတွေယူတယ်။ ဆိုင်ကယ်တွေယူတယ်။ အသုံးအဆောင်၊ စားသောက်ကုန်အကုန်လုံးပဲယူနေတာ၊ ဖျက်စီးတာတွေလည်းရှိတယ်။ အနည်းအကျဉ်းမီးရှို့တာလည်းရှိတယ်။ အကုန်လုံးနီးပါးတော့ ရှောင်နေတာ။အသက်ကြီးတဲ့လူကြီးတွေတော့ကျန်ဦးမယ်။ အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ သတ်ဖြတ်မှုတွေလည်းရှိတယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ Leo Wayne က မြေလတ်အသံကို ပြောပါတယ်။

အနီးကပ်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာမှာ သေဆုံးခဲ့တာကို မျက်မြင်တွေ့ရှိရကြောင်း အထက်ပါတာဝန်ခံက ပြောပါတယ်။

ဇွန် ၁ ရက်ကစတင်ကာ ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အင်အား ၇၀၀ ပါ ယာဥ်တန်းဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကမ္မ-ရေပြာလမ်းပိုင်း၊ ကမ္မမြို့ တွင်းနဲ့ မြို့နဲ့ ၁၅ မိုင် အကွာမှာ ပေါက်ဘက်ကို ထွက်ခွာဖို့ဦးတည်ထားပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် ဆက်သွားမရဘဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။

“ ကမ္မမြို့ထဲမှာကျန်မယ့်အင်အားကတော့ ၁၅၀ လောက်ရှိမယ်။ ကျန်တာတွေကဘေးမှာ ဖြန့်ထားတာ၊ ဂျိုးပျံ(ရွာ) ဘက်တွေ၊ ဖောင်းကွဲ(ရွာ) ဘက်တွေဖြန့်ထားတာ ပေါက်ဘက်ကိုသွားဖို့ဦးတည်နေတာ ” ၎င်းက ဆက်ပြောပါတယ်။

အထက်ပါပစ်ခတ်မှုကို Pakokku People Defense Force (PPDF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ အောင်ကျော်( RG )၊ မြို့နယ် ပလဖ Tiger Warrior Force ( TWF )၊ အညာမြေပြောက်ကျားတပ်ဖွဲ့ (ကိုဇော်မိုက်)၊ ကိုရေခဲနဲ့ ကိုဗလဦးဆောင်တဲ့ လူငယ်ပြောက်ကျားတပ်ဖွဲ့ ( YGF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။