ပခုက္ကူ၊ ဇွန် ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၃ ဦး ဇွန် ၂၄ ရက်မှာ ဘက်ပြောင်းခိုလှုံလာတယ်လို့ Burma Revolution Rangers ဆီက သိရပါတယ်။
အသက် ၃၂ နှစ်အရွယ် တပ်သားလှမျိုးထွန်း၊ ၃၀ နှစ်အရွယ် တပ်သားငြိမ်းသူအောင်၊ အသက် ၃၀ နှစ်အရွယ် တပ်သားချမ်းမြေ့အောင်တို့ကို ပခုက္ကူ တပ်မ ၁၀၁ တပ်အနီးကို Burma Revolution Rangers တပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ကို သွားထုတ်တာကတော့ ခက်ခဲတာပေါ့၊ စစ်တပ်အနားထိသွားထုတ်ရတာဆိုတော့ သူတို့ ကင်းပုန်းဝပ်နေတာတွေကော ဘန်ကာထဲက စောင့်နေတာမျိုးတွေရှိတော့ အခက်အခဲကတော့ ရှိတယ်၊”လို့ Burma Revolution Rangers မှ တပ်ဖွဲ့ဝင်ဒီမိုက ပြောပါတယ်။
တပ်သားလှမျိုးထွန်းနဲ့ တပ်သားငြိမ်းသူအောင်ဟာ မုံရွာမြို့မှာဖမ်းဆီးခံရပြီး တပ်သားချမ်းမြေ့အောင် ကလည်း မန္တလေးမှာအလုပ်သွားရင်း ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် အမှတ် ၇ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၇) မုံရွာ ကတဆင့် အမှတ် ၁ အရာခံနှင့်အကြပ်ကြီးသင်ကျောင်း (ရကသ ၁) ဗထူးတပ်ကိုရောက်ရှိကာ စစ်သင်တန်း ၃ လတက်ရောက်ခဲ့ကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
၃ ဦးစလုံးဟာ အခုနှစ်မတ်လမှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တပ်မ ၁၀၁ ကိုပို့ဆောင်ခံရတာကလည်း ရက်ပိုင်းပဲရှိသေးတယ်လို့ တပ်ဖွဲ့ဝင်ဒီမိုက ပြောပါတယ်။
တပ်သားလှမျိုးထွန်းနဲ့ငြိမ်းသူအောင်ကိုတော့ မုံရွာမြို့ကိုပြန်ပို့ဆောင်ပေးခဲ့ပြီး တပ်သားချမ်းမြေ့အောင် ကိုတော့ မိသားစုတွေနဲ့ဆက်သွယ်နေဆဲဖြစ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့စခန်းမှာပဲ နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇွန် ၂၆ ရက်အထိ Burma Revolution Rangers ဆီကို ပေါ်တာဆွဲခံရပြီး ဘက်ပြောင်းခိုလှုံလာသူ စုစုပေါင်း ၇ ဦး ရှိပြီး လက်နက်ပါလာသူက ၂ ဦးလို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
စာတည်း – လင်း