myaelatt athan

Sharing Information to the Local

မတ္တရာနဲ့ပခုက္ကူမှာ လေယာဥ်ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေပြီး ကျောင်းထိုင်ဘုန်းကြီး ၁ ပါးအပါ ၃ ဦးဒဏ်ရာရ

ကျော်ကြီး၊ ဒိန်းဂျား

မတ္တရာ၊ ဇွန် ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ရွာခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန် ၂၃ ရက် ယမန်နေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်တိုက်လေယာဥ် ၁ စီးက ဥက္ကံကျေးရွာအတွင်း ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာဘုန်း ကြီးကျောင်းအနောက်ဘက် တဲအိမ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” ကြဲတာကတော့ ဘုန်းကြီးကျောင်းထဲကြဲတာ။ ဘုန်းကြီးကျောင်းထဲမကျဘဲ ကျောင်းအနောက်ဘဲ တဲတိုက်ထဲကိုကျတာ။ ပြည်သူတွေထိခိုက်ရှိတယ်။ အဲ့မှာတိုက်ပွဲမရှိဘူး။ အဲဘက်တကြောလုံးတိုက်ပွဲမရှိဘူး။ စကစလည်းကင်းစင်တယ်။ PDF ဘက်လည်းအခြေချတာမျိုးတပ်စွဲနေတာမျိုးမရှိဘူး” လို့ ကျေးရွာအခြေအနေကိုသိရှိတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဥက္ကံကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဒေါ်မြင့်မြင့်ဦးမှာ ပြင်းထန်ဒဏ်ရာရပြီးနောက် ဆေးကုသမှုပြုလုပ်နေစဥ်သေဆုံးသွားပြီး ၎င်းအမျိုးသမီးနေထိုင်တဲ့ တဲအိမ်လည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဗုံးကြဲတာကြောင့် အိမ်ခြေ ၂၀၀ လူဦးရေ ၆၀၀ ကျော်ရှိ ဥက္ကံကျေးရွာက ဒေသခံထက်ဝက်ကျော်ဟာ နေ့ချင်းဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရပြီး ဇွန် ၂၄ ရက် ဒီကနေ့မနက်မှာတော့ ရွာကိုပြန်လာကြတယ်လို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကျွန်းချောင်းမြို့နယ်၊ မြို့စိုးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ကျောင်းထိုင်ဘုန်းကြီး ၁ ပါးအပါ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT ဆီက သိရပါတယ်။

ဇွန် ၂၄ ရက် ဒီကနေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီလေတပ် တိုက်လေယာဥ် ၁ စီး ပေါင် ၂၀၀ ဗုံး ၁ လုံးကြဲချခဲ့ရာ မြို့စိုးရွာဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းအတွင်း ဗုံးကျရောက်ပေါက်ကွဲတာကြောင့် ဘုန်းကြီးကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ ဦးနဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့-DYT တာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။

ပုံစာ – မြို့စိုးရွာဘုန်းကြီးကျောင်း လေယာဥ်ဗုံးကြဲခံရပြီး ဘုန်းကြီးကျောင်းဆောင်ပျက်စီးနေစဥ်။

မြို့စိုးရွာဟာ အိမ်ခြေ ၄၀၀ ရှိပြီး ဒေသခံတွေကတော့ နောက်ထပ်လေယာဥ်ဗုံးထပ်မံကြဲချမှာကြောက်လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်ကလည်း စဥ့်ကူးမြို့နယ်အတွင်းက ပါချုပ်ဆရာတော်ဆောက်လုပ်လှူဒါန်းထားတဲ့ ဆေးရုံ လေယာဥ်ဗုံးကြဲခံရပြီး မီးနေသည်အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။