myaelatt athan

Sharing Information to the Local

ညောင်ပင်ဝန်း ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူများရှိသလို စခန်းမှူး ဒဏ်ရာရဟုဆို

0
0

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး စခန်းမှူး ဒဏ်ရာရသလို သေဆုံးသူများ ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၈ နာရီခန့်မှာ ညောင်ပင်ဝန်း ရဲကင်းစခန်းရှေ့၊ စစ်ကိုင်း – မုံရွာ ကားလမ်းမပေါ်ကိုတက်ပြီး ရေသန့်ဘူးသွားလဲတဲ့ ရဲစခန်းမှူးနဲ့အဖွဲ့ဟာ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲဒါက နယ်မြေရဲစခန်းပါ။ မနေ့မနက်က ရဲကင်းမှူးပါ ၄ ဦးက ရေသန့်ထွက်လဲချိန် သူတို့ကို စောင့်နေတဲ့အဖွဲ့က မိုင်းခွဲ ပစ်ခတ်သွားတာ ရဲ ၂ ယောက် သေတယ်။ စခန်းမှူးလည်း ဒဏ်ရာရတာ ရှိတယ်” လို့ ​ပြောပါတယ်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ရဲဒုတပ်ကြပ် သန်းညွှန့်ဦးနဲ့ ရဲတပ်သား မြတ်တိုးမောင်တို့နှစ်ဦး ​​သေဆုံးခဲ့သလို ရဲကင်းစခန်းမှူး လှကိုနဲ့ ရဲဒုတပ်ကြပ် သန်းဇော်တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်တာက ၇ ယောက်လောက် သေတယ်။ ရဲသားတွေပါ။ အမြန်လမ်းမ စစ်ကိုင်း-မန္တလေးလမ်းပိုင်းပေါ်မှာပဲ။ အပြန်အလှန် ပစ်ခတ်မှုတော့ ရှိတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ စနိုက်ပါနဲ့ ပစ်တာတွေလည်း ရှိတယ်။ သူတို့ကတော့ သေဆုံးသူတွေကို နေ့လည်လောက်မှ လာကောက်သွားတယ်” လို့ Moe Nyo Revolution Force M.N.R.F သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုတေဇက မြေလတ်အသံကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Moe Nyo Revolution force၊ Local Defenceforce Bortherhood of Dragonနဲ့ ဒေါင်းစစ်သည် Sagaing Region People’s Defence force တို့က သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ညောင်ပင်ဝန်းရဲကင်းစခန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ညောင်ပင်ဝန်း ရဲကင်းစခန်းဟာ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။