မင်းလှတိုက်ပွဲမှာ စစ်ကောင်စီဗိုလ်မှူး၊ ခရိုင်ရဲမှူးအပါ သေဆုံးသူများဟုဆို

0 23
0 23

မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ဇွန် ၁၆ ရက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဗိုလ်မှူး ၁ ဦး၊ ခရိုင်ရဲမှူး ၁ ဦး၊ မြို့မရဲစခန်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမ PDF-ဗျူဟာ ၂၂ က ထုတ်ပြန်ပါတယ်။

ဇွန် ၁၆ ရက်ညနေ ၄ နာရီကျော်မှာ ဆင်အိုင်ချောင်းပေါက်ကျေးရွာအနီးမှာ ၁ ကြိမ်၊ ညနေ ၅ နာရီမှာ ရန်ကုန်-ပြည်လမ်းပိုင်းရှိ စစ်ကွင်းတာဆုံရဲကင်းစခန်းကို ၁ ကြိမ်နဲ့ ၅ နာရီကျော်မှာ ရှမ်းတောကျေးရွာအနီး ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ခရိုင်မှူး၊ မြို့မရဲစခန်းမှူးနဲ့ ဗိုလ်မှူး ဒီ ၃ ကောင်က စစ်ကွင်းတာဇုံ အုတ်တွင်းရွာနားမှာသေတာပါ။ သူတို့က စစ်ကြောင်းထိုးဖို့အတွက် ညွှန်ကြားချက်တွေပေးဖို့ ရောက်နေတာလို့ ကနဦးသိရပါတယ်။ ကျနော်က စစ်ဆင်ရေးနယ်မြေမှာ ရှိနေတာမို့ အတည်ပြုနိုင်တာပါ”လို့ ပဲခူးရိုးမ PDF-ဗျူဟာ ၂၂ မှတာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်မှ ခဲယမ်းတွေ၊ ဖုန်း ၂ လုံး နဲ့ စကားပြောစက်တချို့တို့ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ပြည်သူ၊ စစ်ဘက်သတင်းအရင်းအမြစ်၊ ဆေးဘက်သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်ကြောင်းထိုးဖို့ရာညွှန်ကြားချက်ပေးရန် စစ်ကွင်းတာဇုံရဲကင်းစခန်းကို ရောက်ရှိနေတဲ့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း နဲ့ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတို့လည်း သေဆုံးခဲ့တယ်လို့သိရပေမယ့် အချက်အလက်တွေကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ (၂၂) လက်အောက်ခံတပ်ရင်းတွေဖြစ်ကြတဲ့ သာယာဝတီခရိုင် အမှတ်(၃) တပ်ရင်း၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းရဲ့ တပ်ခွဲ(၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နဲ့ Asho Chin Defense Force(ACDF) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဇွန် ၁၇ ရက် မနက် ၂ နာရီမှာလည်း စစ်ကွင်းတာဇုံရဲကင်းစခန်းရှိ ကောင်စီစစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဖားလေးကွင်းကျေးရွာ၊ မြောက်စုရှိ နေအိမ်‌ပေါ် ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ အရွယ်ဒေါ်တင်ရီ သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသမီး ၁ ဦးလည်း ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။