မြေလတ်အသံ၊ ဇွန် ၁၆၊ ၂၀၂၅။
မန္တလေး၊ အိုးဘိုထောင်ဗူးဝမှာ ထောင်အာဏာပိုင်တွေ ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၅၀ ဦး ဆေးကုသခွင့်လုံးဝမရရှိကြဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် – PPNM ဆီကသိရပါတယ်။
အဆိုပါ နိုင်ငံရေးအကျဥ်းသားတွေဟာ မုံရွာထောင်ကနေ ပြောင်းရွေ့ခံရပြီး ဇွန် ၁၂ ရက်မှာ အိုးဘိုထောင်ကိုရောက်ရှိချိန် ထောင်အာဏာပိုင်တွေက နံပါတ်တုတ်တွေကျိုးကျတဲ့အထိ ရိုက်နှက်ခဲ့တာလို့ဆိုပါတယ်။
“ရိုက်တဲ့ဟာကလည်း စနစ်တကျကို ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ဝင်မှာဦးကျိုးအောင်လို့ ရိုက်တဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် ဆေးဝါးစောင့်ရှောက်မှုကတော့ မရရှိဘူး။ ဒီလိုဖြစ်အောင်ကို သေချာရိုက်တဲ့အတွက် ဆေးဝါးကုသဖို့ဆိုတာ အခက်အခဲအများကြီးပဲ ကျနော်တို့နိုင်/ကျဥ်းတွေ အတွက်ရှိပါတယ်”လို့ PPNMမှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြပေမယ့် ဇွန် ၁၆ ရက်ဒီကနေ့အချိန်ထိ ဆေးကုသခွင့်မရရှိခဲ့ကြဘူးလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန် ၁၂ ရက်မနက် ၅ နာရီကျော်မှာမုံရွာထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၁၀၀ ခန့်နဲ့ ရာဇဝတ်မှုကြောင့် အကျဥ်းကျနေတဲ့ အကျဥ်းသား ၁၀၀ ခန့်တို့ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သံပြားကာကား ၂ စီး၊ အိမ်စီးကား ၃ စီး၊ ဆယ့်နှစ်ဘီးကား ၆ စီးတို့နဲ့ အိုးဘိုထောင်ကိုပို့ ဆောင်ခံလိုက်ရတာလို့ PPNM ကထုတ်ပြန်ထားပါတယ်။
အိုးဘိုထောင်ကနေတဆင့် နိုင်ငံရေးအကျဥ်းသားတချို့နဲ့ ရာဇဝတ်မှုကြောင့်ကျခံနေရတဲ့ အကျဥ်းသားတချို့တို့ကို ဇွန် ၁၃ ရက်မှာ မြင်းခြံထောင်နဲ့ မကွေးထောင်တွေဆီ အသီးသီးပို့ဆောင်ခံလိုက်ရတယ်လည်း သိရပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၃ ရက်လည်း မကွေးထောင်ရှိ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို မြေမြင်ပေါ်မှာဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့တာကြောင့် နိုင်/ကျဥ်းတွေမှာ ခါး၊ ခြေထောက်နဲ့ တင်ပါးတွေမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြပေမယ့် ဆေးဝါးကုသခွင့်မရရှိခဲ့ကြဘူးလို့ သိရပါတယ်။
စာတည်း – လင်း