myaelatt athan

Sharing Information to the Local

စစ်ရှောင်များ အရေးပေါ်ကူးရန် တည်ဆောက်ထားတဲ့ မူးတံတားကို စစ်ကောင်က မီးရှို့ဖျက်ဆီး

စစ်ကိုင်း၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်ကို ဆက်သွယ်ထားပြီး စစ်ရှောင်များ ဖြတ်ကူးရာ ကိုယ်ထူကိုယ်ထ တံတားကို စစ်ကောင်စီတပ်သားတွေက ယနေ့ဇန်နဝါရီ ၂၁ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတံတားမှာ ခင်ဦးနယ်၊ ရွာသစ်ကျေးရွာအနောက်ဘက်နဲ့ ရေဦးနယ်၊ မူးသာကုန်းကျေးရွာ အနောက်ဘက်ကို ဆက်သွယ်ထားတာဖြစ်ပြီး တံတားကို သစ်တွေ၊ ဝါးတွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကမှ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ KDK- Khin U Dog Killers မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မီးရှို့ခံရတဲ့ တံတားအဖျားက ၄ ခန်းလောက် ပါသွားတာဗျ။ ဒီတံတားက စစ်ဘေးရှောင်တွေအတွက် ပြေးရင် အဆင်ပြေအောင်လုပ်ထားတဲ့ မူးကူးတံတားပါဗျ။ တံတားလုပ်ပြီးတာက နှစ်လလောက်ပဲ ရှိသေးတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် တံတားကိုဖျက်ဆီးတဲ့ စစ်ကောင်စီတွေက မူးသာကုန်းရွာက ကျွဲကျောင်းသားတွေ ကျွဲကျောင်းရင်း နားခိုဖို့ ဆောက်ထားတဲ့ တဲဆောင် ၄ လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့သလို ရွာသစ်ကျေးရွာဘက်ကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

“တဲတွေကို မီးအရင်ရှို့ပြီးမှ လက်နက်ကြီး ၂ လုံး ပစ်တယ်ဗျ။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတလုံးက ရွာသစ်ရွာထဲကို ကျရောက်ခဲ့လို့ နေအိမ် ၁ လုံးပျက်စီးသွားတယ်။ ကျွဲတကောင် ထိတယ်။ လူတွေတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ဆိုပါတယ်။

အခုလို တံတား၊ တဲဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာဘက်ကို လက်နက်ကြီးလှမ်းပစ်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ မော်လိုက်အခြေစိုက် ခမရ(၃၆၄)နဲ့ မှော်ဘီအခြေစိုက် ခလရ(၇၀၁)မှ တပ်ဖြန့်ထားတဲ့တပ်သား အင်အား ၄၀ ခန့်က ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။