စစ်ကောင်စီက ခင်ဦးဒေသခံ ၈ ဦးကိုပစ်သတ်ပြီး ၂၀ ဦးထက်မနည်းဖမ်းဆီးထား

0 2
0 2

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာကိုဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၈ ဦးကိုပစ်သတ်ပြီးတော့ ၂၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေကိုပစ်သတ်၊ ဖမ်းဆီးထားတဲ့စစ်ကောင်စီတပ်သားတွေဟာ ရွှေဘိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့လေ့ကျင့်ရေးစခန်း အမှတ်(၈) ကဖြစ်ပြီး ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှတပ်သားတွေနဲ့ ပူးပေါင်းကာ အင်အား ၁၀၀ ဝန်းကျင်နဲ့ အလယ်ရှိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

“စကစတွေက ရွာထဲကိုဝင်တဲ့အချိန် မနက် ၅ နာရီလောက်ကဝင်တာ။ ကျောက်တွေတင်တဲ့ ကားနဲ့ဝင်တာ။ ဝင်တဲ့အချိန်ကမနက်ခင်းဆိုတော့ ပြင်ဆင်ချိန်မရလိုက်ဘူး။ ဝင်တာကလည်း သူတို့(စကစ)ကားနဲ့မဟုတ်ဘူး။ ကျောက်တင်တဲ့ကားနဲ့ဝင်လာတာ။ ဝင်ပြီးတော့ ကင်းစောင့်နေသူတွေကိုပစ်သတ်တာ” လို့ ပြောပါတယ်။

အလယ်ရှို့ရွာဒေသခံ ၈ ဦးကို ရွာထဲဝင်ဝင်ချင်းမှာပဲ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီတပ်တွေဟာ ဒီဇင်ဘာလ ၃၁ ရက်ဒီကနေ့ထိ ရွာထဲမှာရှိနေသေးတာကြောင့် အသတ်ခံရသူတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရှိရသေးဘူးလို့လည်းဆိုပါတယ်။

အလယ်ရှိုရွာမှာ အိမ်ခြေ ၈၀၀ ခန့်ရှိပြီး၊ ရွာထဲမှာ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်က တပ်စွဲနေဖို့ လုပ်ဆောင်နေတာကြောင့် ထောင်ချီတဲ့ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး တောထဲတွေမှာ ဖြစ်သလို ခိုလှုံနေကြရတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

“ဒီရွာကို ကန့်ဘလူက ဝါသဝ ရောက်မယ်လို့သိရတယ်။ ပျူသင်တန်းတက်ဖို့အတွက်ပေါ့။ စကစတွေက ဒီနေ့အချိန်ထိ ရွာထဲကလုံးဝမထွက်သေးဘူး။ အဲဒီရွာကဒေသခံတွေနဲ့ အနီးအနားကရွာသားတွေအကုန်လုံးမှာ ထွက်ပြေးပြီးတော့ အခုတောထဲမှာ ခိုလှုံနေရတယ်။ သူတို့အကူအညီအရေးပေါ်လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင်ဒီဇင်ဘာလ ၂၇ ရက် နဲ့ ၂၈ ရက်မှာလည်း ရွှေဘိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့လေ့ကျင့်ရေးစခန်း အမှတ် ၈ ကနေ တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရေးကုန်းရွာကအမျိုးသားတဦး၊ ဝါးရုံကုန်းရွာက အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ဦးတို့ အသီးသီးဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။