myaelatt athan

Sharing Information to the Local

မြိုင်မှာ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရလို့ သေဆုံးသူများပြီး မိုင်းထိတဲ့ကားကို စစ်ကောင်စီတပ်က မီးရှို့ထားခဲ့

0
0

မြိုင်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းငယ်တောရွာနဲ့ စဘေရွာအကြားမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

မြိုင်မြို့ကနေ အင်အား ၂၀၀ ဝန်းကျင်လိုက်ပါလာတဲ့ စစ်ကောင်စီကားတန်း ၃၂ စီးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတာအပြင် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ဒရုန်းနဲ့ အီနာဂါချလို့ ** ၂ ကောင်လည်းသေတယ်။ ပစ်ခတ်မှုက သိပ်မဖြစ်ခဲ့ပါဘူး၊ မိုင်းဆွဲတိုက်ခိုက်တာတော့ ကောင်းကောင်းလုပ်နိုင်တယ်။ မိုင်းတွေကတော့အများကြီးဆွဲနိုင်ခဲ့တယ်၊ နင်းမိုင်းတွေမိတယ်၊ ပေပါမိုင်းတွေလည်း ဆွဲခဲ့တယ်။”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီယာဉ်တန်းမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကစစ်ကောင်စီတပ်သားတွေ လိုက်ပါလာတယ်လို့လည်းသိရပြီး တိုက်ခိုက်မှုအတွင်းသေဆုံးသူများခဲ့တယ်လို့ ဆိုပါတယ်။

“ပခုက္ကူ ၁၀၁ တပ်က စစ်သားတွေပါ။ မိုင်းဆွဲခဲ့တာမှာလည်း ခြေပြတ်လက်ပြတ်တွေ (ဖြစ်တာ) အကုန်ပါပဲ။ အနည်းဆုံး ၁၁ ဦးလောက်သေတယ်။” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီသေဆုံးမှုအရေအတွက်နဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့ပြီးနောက် မိုင်းထိခဲ့တဲ့ကား ၁ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် တိုက်ခိုက်ခံရတဲ့နေရာမှာ မီးရှို့ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ညနေ ၄ နာရီလောက်မှာလည်း ထန်းငယ်တောရွာနဲ့ ကျောက်ဆောက်ကျေးရွာအကြားကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာရောက်ဗုံးကြဲခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“ပေါင် ၅၀၀ ဗုံးအပြင် ပေါင် ၃၀၀ ဗုံးတွေနဲ့ပါကြဲချတာ၊ စက်လတ်တွေနဲ့လည်းပစ်တယ်။ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ မစိုးရိမ်ရပါဘူး။” လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့စစ်ကောင်စီယာဉ်တန်းဟာ ဖေဖော်ဝါရီ ၂၀ ရက်ဒီမနက်ပိုင်းအထိ မြိုင်မြို့နယ်ထဲမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ M.V.P Revolution Force၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ -မြိုင်၊ UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phonex People Defense Force၊ Scopion People Defense Force၊ ဌေးအောင်ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း မြိုင်မြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ မန္တလေးဂိတ်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။