ကန့်ဘလူက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါး အဓိကလိုအပ်နေ

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အဓိကလိုအပ်နေလို့ အကူညီတွေ လိုအပ်နေတယ်လို့ ကန့်ဘလူတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“ကန့်ဘလူဘက်ကို စစ်ကြောင်းတွေက ဖိနေတယ်။ စစ်ကြောင်းတွေ ဝင်တာနဲ့ပြေးရ စစ်ကြောင်းထွက်ရင် ရွာနားပြန်သွားအဲလိုတွေဖြစ်နေတာ။ စစ်ဘေးရှောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတော့ သူတို့အတွက် ရိက္ခာနဲ့ဆေးဝါးတွေလိုအပ်နေတယ်။ ရာသီဥတုကြောင့် ဖျားနာသူတွေလည်း များနေတယ်” လို့ သူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ(၃၇၆)တပ်က ကန့်ဘလူအတွင်း ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး စစ်အင်အား ၁၂၀ လောက် ထပ်မံတိုးချဲ့လာခဲ့ပြီး စစ်အင်အားတိုးချဲ့မှုတွေပြုလုပ်နေသလို ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

မနေ့ကလည်း ကန့်ဘလူနယ်ထဲက ပေလယ်ရွာက လယ်တဲ ၁၄ လုံးကို အကြောင်းမဲ့မီးရှို့သွားသလို စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၃၀ ကျော် ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ကန့်ဘလူနယ်အတွင်း ဒီဇင်ဘာလ နှစ်ပတ်အတွင်းမှာ ပဲဘောရွာ၊ လက်ခုပ်ကုန်းရွာအပါအဝင် ကျေးရွာ ၈ ရွာနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကြောင့် ကန့်ဘလူအတွင်း ၂၀၂၂ ခုနှစ်အတွင်းမှာ ရွာပေါင်း(၁၈) ရွာက ဒေသခံ ပြည်သူပေါင်း၂‌ သောင်းခွဲကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။