ကန့်ဘလူမှာ လယ်တဲ ၁၄ လုံးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့မီးရှို့သွား

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မဲသည်ကျေးရွာအုပ်စု၊ ပေလယ်ရွာက ဒေသခံပိုင်လယ်တဲ ၁၄ လုံးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့မီးရှို့သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်မနေ့ကနေ့လည် ၁၂ နာရီခွဲခန့်မှာ ပေလယ်ကျေးရွာအနောက်ဘက်ရှိ လယ်တောနဲ့ကွမ်းခြံတွေထဲကို စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအင်အား ၃၀ ကျော်ဝင်ရောက်လာပြီး လယ်စောင့်တဲတွေနဲ့ ကွမ်းခြံထဲကတဲတွေကို မီးရှို့သွားတာလို့ ဒေသခံတဦးကပြောပါတယ်။

“မနေ့ကနေ့လည်လောက်က ရွာထဲကိုဝင်တာမဟုတ်ဘဲနဲ့ ရွာအနောက်ဘက်က လယ်တွေ၊ခြံတွေထဲဝင်လာတာ။ သူတို့လိုချင်တဲ့ သူတဦးကိုလာရှာတယ်လို့​ပြောတယ်။ မတွေ့သွားတော့ တဲတွေကိုအကြောင်းမဲ့မီးရှို့သွားတယ်။ ကော​က်ရိုးပုံတွေတောင်မချန်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ပျူတွေက လယ်တဲတွေကိုမီးရှို့နေချိန် လယ်တဲပိုင်ရှင်တွေကို မောင်းထုတ်လို့ လယ်ထဲကနေ ထွက်ပြေးသွားကြရတယ်လို့ ဆိုပါတယ်။

ခုလိုမီးရှို့ခဲ့တာကြောင့် တဲတွေထဲရှိ ချက်ပြုတ်စားသောက်တဲ့အိုးခွက်နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း မီးလောင်ပျက်စီးခဲ့ရကာ မီးရှို့လို့အပြီး နေ့လည် ၂ နာရီလောက်မှာတော့ ပေလယ်ကျေးရွာအနောက်ပိုင်းကနေ ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ပေလယ်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးအင်အား ၁၀၀ လောက်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို့ ဒေသခံ ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။