မကွေးမှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0 4
0 4

မကွေး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သက်ရင်းတောအုပ်စုအုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီ ၂၄ ရက်မနက် ၅ နာရီခွဲလောက်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)ဆီက သိရပါတယ်။

သက်ရင်းတောအုပ်စု၊ သက်ရင်းတောရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူးသန်းဇော်ကို သူ့ရဲ့နေအိမ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာပါ။

အုပ်ချုပ်ရေးမှူးသန်းဇော်ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းကြေးကောက်တာ၊ သတင်းပေးတာတွေရှိတဲ့အတွက် ခုလိုသေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ထွေအုပ်ဝန်ထမ်းတွေပေါင်း ပြီးတော့ သူရဲ့အုပ်စုထဲမှာ စစ်မှုထမ်းဖို့မဲကျတယ်ဆိုရင် ကျန်တဲ့မြို့နယ် ကျန်တဲ့နေရာဒေသက လူတွေနဲ့ပြန်အစားထိုးပြီး လုပ်စားတာတွေရှိတယ်။ ဘယ်မြို့နယ် ဘယ်ဒေသတွေမှာ ထူးခြားဖြစ်စဉ်သတင်းပို့တာတွေလည်း လုပ်တယ်၊ အဲ့ဒါ‌ကြောင့် သူ့အိမ်မှာ ကျနော်တို့ ရှင်းလင်းလိုက်တာ။” လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) တာဝန်ခံ ကံကြီးမောင်က ပြောပါတယ်။

ပစ်ခတ်ပြီးနောက် အုပ်ချုပ်ရေးမှူးသန်းဇော်ဆီကနေ ဖုန်း ၁ လုံးသိမ်းခဲ့ပြီး ဖုန်းထဲမှာလည်း စစ်ကောင်စီနဲ့ဆက်သွယ်ပြောဆိုထားတဲ့ အချက်အလက်‌တွေတွေ့ခဲ့တယ်လို့ သူကပြောပါတယ်။

သူဟာ မကွေးမြို့နယ်၊ ညောင်ကန်တိုက်နယ်၊ သက်ရင်းတောအုပ်စုထဲမှာရှိတဲ့ သက်ရင်းတောကျေးရွာနဲ့ သက်ရင်းစည်ပင်ရွာတို့ကို အုပ်ချုပ်နေသူဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား ၃၀ ဝန်းကျင်နဲ့ အလောင်းကိုသွားယူကာ မကွေးမြို့ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ ဒေါင်းစစ်သည်ပြောက်ကျားတပ် (နတ်မောက်)နဲ့ Taungdwingyi Fighter Force LPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မိအုအောင်းကျေးရွာမှာနေတဲ့ အုပ်ချုပ်ရေးမှူး သိန်းစိုးကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) က နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။