myaelatt athan

Sharing Information to the Local

ပစ်ခတ်ဖမ်းဆီးခံထားရတဲ့ ပြည်မြို့က ပရဟိတသမားတဦးကို အကြမ်းဖက်ဥပဒေနဲ့ ထောင် ၇ နှစ်ချ

0
0

ပဲခူး၊ အောက်တိုဘာ ၃၁၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပရဟိတသမားတဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။

ယနေ့အောက်တိုဘာ ၃၁ ရက်နေ့မှာပဲ ပရဟိတသမားတဦးဖြစ်တဲ့ တက်ကြွလှုပ်ရှားသူ ကိုသိန်းမင်းထွန်းကို စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၇ နှစ်ကို ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်သူများထံက သိရပါတယ်။

“ဒီနေ့အမိန့်ချတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ခြေထောက်ကတော့ နဂိုအတိုင်း မဖြစ်ဘူး ဒဏ်ရာရထားတဲ့ဟာက ဘာဖြစ်လဲဆိုတော့ ခြေထောက်ဆက်တာမှာ အရိုးအက်တော့ မညီဘူး။ အခုဂျိုင်းထောက်နဲ့ နေရတယ်။ ထောင်ဆရာဝန်ကို ပြောထားတယ်လို့ ပြောတယ်။ နဂိုအတိုင်းကောင်းဖို့ သူတို့မိသားစုက ကြိုးစားပြီး လုပ်နေကြတယ်လို့ ကြားရတယ်။ ခြေထောက်က ခါတိုင်းလို မဟုတ်ဘူး။ ကိုက်နေတယ်လို့ ကြားတယ်။” လို့ ကိုသိန်းမင်းထွန်းနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုသိန်းမင်းထွန်းဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ရာက စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးခြင်းကို ရှောင်ရှားဖို့ တောတွင်းတနေရာမှာ ခိုလှုံနေရာက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းရဲ့ စီးနင်းပစ်ခတ်ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူနဲ့အတူ ကိုဖုန်းပြည့်ပိုင်၊ ကိုပြည့်စုံ နဲ့ ကိုကုလားလေး တို့ပါ ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။

“ပစ်ခတ်ဖမ်းဆီးခံရတုန်းက ခြေထောက်က အခုအကောင်းအတိုင်းဖြစ်ဖို့ ခက်သွားပြီ။ သူက ပရဟိတကို တကယ်ကို လုပ်ခဲ့တာလေ။ ဆန္ဒပြတဲ့အချိန်မှာသာ ဖမ်းဆီးလို့ ထွက်ပြေးသွားခဲ့တာကနေ ဖြစ်သွားတာ။” လို့ သူနဲ့အတူ ပရဟိတလုပ်ကိုင်ခဲ့သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ၄ ဦးထဲက ရွှေတောင်မြို့နယ် အကသ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဖုန်းပြည့်ပိုင်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပြည်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေပဲ အကြမ်းဖက်ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က) တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကနေ အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြည်အကျဉ်းထောင်တွင်း ဖမ်းဆီးထားသူ ၂၀ ကျော်ကို အကြမ်းဖက်ဥပဒေဖြင့် ထောင် ၁၀ နှစ်စီချမှတ်ခံထားရပြီးနောက် အခုလို ကိုသိန်းမင်းထွန်းကို ထပ်မံထောင်ချခဲ့တာဖြစ်ပြီး ပြည်ခရိုင်ထဲမှာ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆို ထောင်ချခံထားရသူ ၁၅၀ ဝန်းကျင်မှာရှိတယ်လို့ အကျဉ်းထောင်အသိုင်းအဝန်းကနေ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။