11 July 2026 8:10 AM

မိုးသက်လေပြင်းကြောင့် ရခိုင်တွင် ငါးဖမ်းဘုတ် ၁၉ စီးနစ်မြုပ်

0 2
0 2

မြေလတ်အသံ၊ မေ ၂၂၊ ၂၀၂၂။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ မေလ ၂၁ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ပင်လယ်ပြင်တွင်ငါးဖမ်းနေကြသည့် ငါးဖမ်းဘုတ် စုစုပေါင်း ၁၉ စီးနစ်မြုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဘုတ်များနစ်မြုပ်နေချိန် စစ်ကောင်စီ၏ နေဗီများနှင့် မမြုပ်ဘဲကျန်ရှိနေသည့် ဘုတ်များက ကူညီကယ်ဆယ်ခဲ့၍ ငါးဖမ်းသမားများအကုန်လုံး အသက်အန္တရာယ်မှကင်းလွတ်ခဲ့ကြသည်ဟု မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ် ချုပ်ရေးမှူး ဦးလှဖော်သူကပြောသည်။

“အခုတော့ငါးဖမ်းသမားတွေက မြုပ်သွားတဲ့ဘုတ်တွေကို ပြန်ဆယ်ယူဖို့အတွက် ထွက်သွားကြတယ်။ စစ်တပ်နေဗီက လေတိုက်နေတဲ့အချိန်မှာ ငါးဖမ်းဘုတ်တွေကို ကယ်ဆယ်ရေးလုပ်ပေးခဲ့တယ်။ ငါးဖမ်းတဲ့သူတွေက မနေ့က ၃ နာရီလောက်မှာ အကုန်လုံးရွာကိုပြန်ရောက်ခဲ့ကြပါတယ်။ လူတွေကဘာမှထိခိုက်မှုမရှိခဲ့ဘူး”ဟု ပြောသည်။

ကျွန်းသာယာကျေးရွာမှ ငါးဖမ်းဘုတ် ၈ စီး၊ ဝိုင်းကျေးရွာမှ ၂ စီးနှင့် ငပသုန်ကျေးရွာမှ ၈ စီး၊ ကျောက်ဖြူမြို့သို့ ခရီးသည်များပြေးဆွဲနေသည့် လိုင်းဘုတ် ၁ စီးလည်း ကျောက်ဆောင်ကိုတိုက်မိကာ နစ်မြုပ်သွားခဲ့သည်။

ငပသုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဘိုကြီး က”ဘုတ်တွေကတော့ လိုင်းကြီးလာလို့ မြုပ်သွားတာ။ငါးဖမ်းတဲ့ဘုတ်တစ်စီးမှာလူက ၃ ယောက်ပါတယ်။ ၈ ဆိုတော့ ၂၄ယောက်ပေါ့။ သူတို့အကုန်လုံးက ဘာမှထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူး။ ဘုတ်တွေပဲဆုံးရှုံးခဲ့ရတယ်”ဟု ပြောသည်။

အဆိုပါငါးဖမ်းဘုတ်များမှာ ကျွန်းသာယာစခန်း၏အနောက်မြောက်ဖက် ရေမိုင် ၃၁ မိုင်ခန့်အကွာနှင့်ငပသုန်ကျေးရွာနှင့် ၁၈ မိုင်ခန့်ဝေးသည့် ကောင်တာမြီ ပင်လယ်ပြင်တို့တွင် ငါးဖမ်းနေကြသည့်ဘုတ်များ ဖြစ်သည်။

ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ယနေ့မေလ ၂၂ ရက်နေ့ နံနက် ၇ နာရီတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် (၃၅) မိုင်အထိတိုက်ခတ်နိုင်သည်ဟု ဖော်ပြထားပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေ မှ (၁၀) ပေခန့် ရှိနိုင်သည်ဟု ဖော်ပြထားသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။