myaelatt athan

Sharing Information to the Local

ပေါင်းတည်မှာ အမျိုးသားတဦး ဖမ်းဆီးခံရပြီး ၂၄နာရီမပြည့်ခင်သေဆုံး

0
0

ပဲခူး၊ မေ ၁၉၊ ၂၀၂၂။

ပဲခူးတိုင်း၊ အနောက်ခြမ်းပေါင်းတည်မြို့မှာ စစ်ကောင်စီက အမျိုးသားတဦးကို စစ်ဆေးစရာရှိလို့ ဖမ်းဆီးသွားခဲ့ပြီး ၂၄နာရီမပြည့်ခင်မှာပဲ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေကို အကြောင်းကြားလာခဲ့ပါတယ်။

အသက် ၃၈နှစ်အရွယ် ကိုမင်းမင်းဟာ ပေါင်းတည်မြို့နယ် ကြို့ပင်အုပ်စု ဟင်္သာကန်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး NLD ပါတီဝင်တဦးဖြစ်ကာ မေလ ၁၈ရက် မနေ့က နေ့လယ်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကိုမင်းမင်း ဖုန်းကို စစ်တယ် ဖုန်းထဲမှာ ဘာမှ မတွေ့ဘူး မတွေ့တော့ လူကိုစစ်မယ် ဆိုပြီးခေါ်သွားတာ ညက ၈နာရီလောက်အထိ အကောင်း ခုမနက်မှ သေပြီလို့ သိရတာ”လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရစဥ်က ကိုမင်းမင်းဟာ ကျန်းမာရေးကောင်းမွန်ပြီး စစ်ကောင်စီကတော့ ပန်ကာလေအအေးမိကာ သေဆုံးတာလို့ သတင်းလွှင့်ထားပြီး ဒေသခံတွေကတော့ မေလ ၁၅ ရက်နေ့က ကိုမင်းမင်းရဲ့ ကွမ်းယာဆိုင်ရဲ့တောင်ဖက် နှစ်ဖာလုံခန့်အကွာမှာ မိုင်းခွဲခံရလို့ ရဲတဦး ပြင်းထန်ဒဏ်ရာ ရခဲ့တာနဲ့ ပတ်သက်ပြီး လက်စားချေ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

ကိုမင်းမင်းဟာ ရပ်ရွာအတွင်းမှာ ပရဟိတဆောင်ရွက်သူတဦးလည်း ဖြစ်ပြီး ဇနီးဖြစ်သူနဲ့အတူ သမီးတယောက်နဲ့ သားတယောက်ကျန်ရစ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ ဟင်္သာကန်ရပ်ကွက်က ကြံ့ခိုင်ရေးထောက်ခံသူ မိသားတစုနဲ့ အခြားမိသားတစုကို ဖမ်းဆီးကာ ပိုက်ဆံတောင်းပြီး ညအချိန်ရောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။