myaelatt athan

Sharing Information to the Local

ပြည်မြို့နယ်က CDM အထက်တန်း‌ကျောင်းသားတွေ ဇွန်လမှာ အွန်လိုင်းစနစ်နဲ့ စာသင်နိုင်မယ်

0
0

ပဲခူး၊ မေ ၂၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ လာမဲ့ စာသင်နှစ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အနေနဲ့ စစ်ကောင်စီဖွင့်တဲ့ ကျောင်းကို မတက်နဲ့ အခြေခံပညာ အထက်တန်းအဆင့် CDM ကျောင်းသားတွေ အွန်လိုင်း စနစ်နဲ့ စာသင်ခွင့်ရရှိတော့မှာ ဖြစ်တယ်လို့ ပြည်မြို့နယ် ကြားကာလအခမဲ့ပညာရေးကျောင်းအုပ်တာဝန်ခံ ဆီက သိရပါတယ်။

ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေးအဖွဲ့အစည်းကို ‌၂၀၂၂ ခုနှစ်မေလ ၁ရက် မနေ့က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံပညာ အထက်တန်းအဆင့် ကိုးတန်းနဲ့ ဆယ်တန်းကျောင်းသားတွေကိုပဲ အရင်သင်ကြားပေးဖို့စီစဉ်ထားတယ်လို့ ကျောင်းအုပ်တာဝန်ခံက ပြောပါတယ်။

” ကိုးတန်း( Grade 10) စနစ်သစ်နဲ့ ဆယ်တန်း( Grade 11) စနစ်‌ဟောင်းကို သင်ပေးသွားမှာပါ၊ အွန်လိုင်းကနေ Zoom နဲ့ သင်ပေးသွားပါမယ်၊ Google Form နဲ့ ကျောင်းအပ်လက်ခံဖို့ စီစဥ်ထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဖွင့်မဲ့ပညာသင်နှစ်နဲ့ အတူတူတချိန်တည်းဖွင့်သွားမှာ ဖြစ်သလို စာသင်ချိန်က တနေကုန် သင်ပေးသွားမှာ ဖြစ်ပြီး ကျောင်းတက်ချိန်နဲ့ ဆင်းချိန် သတ်မှတ်ထားတာမရှိသေးလို့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ စီစဥ်ထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဖွင့်မဲ့ စာသင်နှစ်အတိုင်း သင်ကြားပေးသွားမှာဖြစ်လို့ စစ်ကောင်စီရဲ့ ကျောင်းမှာ တက်တဲ့ကျောင်းသားတွေလာတက်နိုင်မှာမဟုတ်လို့ CDM, Non CDM ကိစ္စအတွက် စိုးရိမ်စရာ သိပ်မရှိဘူးလို့ ဆိုပါတယ်။

” တနေကုန်သင်တဲ့ ပုံစံနဲ့ သွားမယ်၊ တချိန်ကို ၁နာရီခွဲတဲ့ ၃ချိန်သင်မှာပါ ၊ ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ( Breakout Room) အခန်းခွဲသင်သွားဖို့ စီစဥ်ထားပါတယ်၊ ကျောင်းအချိန်က အတည်မပြုရသေးလို့ ကျနော်တို့ ပြန်ထုတ်ပြန်သွားပါမယ်” လို့ ပြောပါတယ်။

ကျောင်းအပ်လက်ခံပြီး ကျောင်းစမတက်ခင်မှာ ကျောင်းသားမိဘတွေနဲ့ ပြည်မြို့နယ်ကြားကာလအခမဲ့ပညာရေးအဖွဲ့တွေနဲ့ တွေ့ဆုံပြီး လုံခြုံရေးနဲ့ ပက်သတ်တဲ့ စည်းကမ်းချက်တွေကို ပြောပြပြီး လိုက်နာနိုင်တဲ့ သူတွေကို ကျောင်းသားအနေနဲ့ လက်ခံပြီးသင်ကြားပေးသွားဖို့ စီစဥ်ထားတယ်လို့ဆိုပါတယ်။

အခုလ ၁၅ရက်ကစပြီး ကျောင်းအပ်လက်ခံမှာဖြစ်လို့ ကျောင်းအပ်ရမဲ့ ပုံစံတွေကို ပြည်မြို့နယ်ကြားကာလအခမဲ့ပညာသင်ကြားရေးအဖွဲ့အစည်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိပြည်မြို့နယ်ကြားကာလအခမဲ့ပညာရေးအဖွဲ့အစည်းအနေနဲ့ ဖွင့်မဲ့ ကျောင်းမှာ စာသင်ပေးမဲ့ ဆရာ/ဆရာမ ၁၈ဦး ရှိပြီး ဘာသာရပ် ၉ခုကို သင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကတက်ရမှာဖြစ်လို့ အင်တာနက်အသုံးပြုခ တခုသာ ကုန်ကျစရိတ်ရှိမှာဖြစ်ပြီး အခမဲ့ပညာရေးစနစ်ကို စီစဉ်ထားပေမယ့် သင်ကြားပေးမဲ့ ဆရာတွေအတွက် အင်တာနက် အသုံးပြုခကိုတော့ ပြည်မြို့နယ် ပညာရေးဘုတ်အဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အခြေခံပညာကျောင်းသားများသမ္မဂမှ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

” ဆရာတွေအတွက် ဒေတာအသုံးပြုခက အနည်းဆုံး တလကို ၄သိန်းနီးပါး ကုန်ကျစရိတ်ရှိပါတယ်၊ လစာပေးဖို့ စီစဥ်ထားပေမယ့် လက်ရှိအခြေအနေအရ ပေးနိုင်မဲ့ အခြေအနေတော့ မရှိသေးဘူး၊ ပြည်သူတွေအနေနဲ့ ထောက်ပံ့ချင်တယ်ဆိုရင် သူတို့အတွက် လစာတခုခုသတ်မှတ်ပြီး ပေးနိုင်မှာပေါ့” လို့ ကျောင်းအုပ်တာဝန်ခံ ပြောပါတယ်။

စာသင်ကြားမဲ့ကာလက ပုံမှန်စာသင်နှစ်တွေအတိုင်းသတ်မှတ်ထားပြီး နှစ်ဝက်တခါ နှစ်ဆုံးတခါ စာမေးပွဲဖြေဆိုရဖို့ ရှိတယ်လို့ ပြောပါတယ်။

” စာမေးပွဲက ၂ခါဖြေရမယ် ၊ ဒီကြားထဲ ဘာသာရပ်အလိုက်ဆရာတွေကတော့ စာမေးတာ စာစစ်တာတွေတော့ ရှိမှာပေါ့၊ နှစ်ဝက်နဲ့ နှစ်ဆုံးဖြေရမဲ့ စာမေးပွဲက Zoom မှာပဲ ကင်မရာဖွင့်ပြီး ဖြေရမှာပါ “ လို့ ပြောပါတယ်။

ကျောင်းသား ကျောင်းသူတွေအနေနဲ့ Zoom နဲ့ Telegram application တွေ ရှိဖို့ လိုအပ်ပြီး Telegram ကနေ ကျောင်းသားနဲ့ ဆရာ တွေ အဆက်အသွယ်လုပ်သွားမှာဖြစ်ပါတယ်။

ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့အတူ ပြည်မြို့နယ် ပညာရေးဘုတ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အထက်တန်းအဆင့် အောင်မြင်သွားရင် မူလတန်းနဲ့ အလယ်တန်းတွေအတွက် ဆက်ပြီးဖွင့်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအတွင်းမှာ မြို့နယ် ၃ခုမှာ ကျောင်းဖွင့်ထားပြီးဖြစ်သလို လက်ရှိဖွင့်မဲ့ ပြည်မြို့နယ် ကြားကာလအခမဲ့ပညာရေးကျောင်းအပါအဝင် စုစုပေါင်း ၄ခု ရှိလာမှာ ဖြစ်ပါတယ်၊

လက်ရှိ မြန်မာနိုင်ငံမှာ ကြားကာလပညာရေးအဖွဲ့တွေက ဖွင့်တဲ့ ကျောင်းပေါင်း ၇၀ကျော်ရှိနေပြီး တချို့ကျောင်းတွေကတော့ ပြီးခဲ့တဲ့ နှစ်တွေမှာကတည်းက အကောင်ထည်ဖော်ခဲ့တာအောင်မြင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။