myaelatt athan

Sharing Information to the Local

မြေသြဇာစျေးတက်ပြီး လုံလောက်အောင်မသုံးနိုင်လို့ နွေစပါးထွက်နှုန်း ကျဆင်းနိုင်

0
0

မြေလတ်အသံ၊ ဧပြီ ၈၊ ၂၀၂၂။

စပါးစိုက်ပျိုးရာမှာ အရေးပါတဲ့ ဓါတ်​မြေသြဇာစျေးနူန်း အဆမတန် ကြီးမြင့်လာတဲ့ အတွက်​ နွေစပါးစိုက်ခင်းတွေထဲကို မြေသြဇာ အလုံအလောက် မထည့်သွင်းနိုင်တာကြောင့် စပါးထွက်နူန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဓါ​တ်​ဆား ၅၀Kg တအိတ်ကို ကျပ်၃၀ ,၀၀၀ကျော်ဝန်းကျင်သာ စျေးပေါက်ခဲ့ရာမှ အခုအခါ ကျပ် ၉၀,၀၀၀ ဝန်းကျင်စျေး​နဲ့ ဝယ်နေရတယ်လို့ သိရပါတယ်။

“ဓါတ်ဆားစျေးက အရမ်းတက်သွားတာ တအိတ် ၉၀,၀၀၀ ဝယ်ရတယ် အရင်က ၃အိတ်စာပေါ့ မဝယ်လို့လည်းမရဘူး သူ့ကိုမှ မသုံးနိုင်ရင် စပါးမထွက်ဘူး လယ်သမားတွေ အခုနှစ်ဓါတ်ဆား သိပ်မကျွေးနိုင်ဘူး စပါးထွက်နှုန်းပါထိခိုက်မယ်”လို့ဝက်ထီးကန်တိုက်နယ်က လယ်သမား အမျိုးသားတဦးက ပြောပါတယ်။

စပါးစိုက်ခင်းထဲကို ဓါတ်မြေသြဇာ အလုံအလောက် မထည့်နိုင်ကြဘူးလို့လည်း ​ဆိုပါတယ်။

“အခုနှစ်က ခေါက်ချိုးနှုန်းပဲ ပက်နိုင်တယ် ထွက်နှုန်းကတော့ မနှစ်ကထက် ၁၀ရာခိုင်နူန်းလောက်တော့ အနည်းဆုံး လျှော့မယ်ထင်တယ်အရင်နှစ်က တစ်ဧကကို ဓါတ်ဆားအနည်းဆုံး တစ်အိတ်ခွဲလောက် လယ်သမားတိုင်း ကျွေးကြတာ ခုနှစ်တော့ တစ်အိတ်တောင် အနိုင်နိုင်ရယ်”လို့ ပေါင်းတည်မြို့က လယ်သမား အမျိုးသားတဦးက ပြောပါတယ်။

ဓါတ်ဆားမှာ နိုက်ထရိုဂျင်ဓါတ် အများဆုံးပါဝင်ပြီး စပါးပင်ငယ်စဥ်မှာ ကြီးထွားဖို့နဲ့ အပင်ပွားများစေဖို့ အတွက် တောင်သူအများစုက အဓိက အသုံးပြုကြတာ ဖြစ်ပါတယ်။

အရင်က စပါးစိုက် လယ်မြေတွေထဲကို မွေးမြူထားတဲ့ ခိုင်းနွားတွေရဲ့ နှစ်ပတ်လည်နွားချေး​ကို မြေခံအနေနဲ့ ထည့်သွင်းနိုင်ခဲ့လို့ ဓါတ်ဆားအသုံးပြုရမူ အတန်အသင့် သက်သာခဲ့ပေမယ့် အခုအခါမှာ စက်ယန္တယားတွေ အသုံးပြုလာတာကြောင့် ခိုင်းနွားမွေးသူနည်းပါးကာ နွားချေးလည်းရှားပါး နေတာဖြစ်ပါတယ်။

နွေစပါးကို မြေလတ်ဒေသအတွင်းက ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာလည်း အဓိကစိုက်ပျိုးကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။