1 November 2026 9:07 PM

ရွှေကျင်က မင်္ဂလာဆောင်ဗုံးကြဲမှု သေဆုံးသူ ၁၂ ဦးထိရှိလာ

0 11
0 11

ရွှေကျင်၊ မေ ၂၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းကြီးကျေးရွာမှာ စစ်ကောင်စီဗုံးကြဲခဲ့တဲ့ မင်္ဂလာဆောင် သေဆုံးသူ ၁၂ ဦးထိရှိလာပြီး ၃၇ ဦးဒဏ်ရာရတယ်လို့ KNU ဗဟိုက မေ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေ ၂၅ ရက် မနက် ၉ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ မင်္ဂလာဆောင် ပြုလုပ်နေတဲ့နေရာကို ဗုံးနှစ်လုံးကြဲချခဲ့ရာမှာ မင်္ဂလာဆောင်အတွင်းရှိနေသူတွေအနက် ၈ ဦးမှာ နေရာတင်သေဆုံးသွားပြီးနောက် ၄၁ ဦးဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူတွေကို ဆေးကုသမှုပြုလုပ်ဖို့ ကြိုးစားနေစဥ်မှာပင် နောက်ထပ် ၄ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“လက်ရှိလည်းစိုးရိမ်ရသူ ၁၀ ဦးထက်မနည်းရှိနေသေးတယ်။ မနေ့ကလည်း သေတာက ၈ ဦးဘဲ။ နီးစပ်ရာဆေးရုံဆေးခန်းပို့နေချိန်မှာဘဲ နောက်ထပ် ထပ်သေတဲ့လူတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒီဘက်ကနေပြီး အကောင်းဆုံးဖြစ်အောင်စီစဥ်ဆောင်ရွက်နေတာရှိပါတယ်။”လို့ KNU ညောင်လေးပင်ခရိုင်ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေကပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို့ ကျွန်းကြီးကျေးရွာနေ သတို့သမီး အသက် ၂၂ နှစ်အရွယ် နေယ်ကမွီးဖော အပါအဝင် ကျွန်းကြီးကျေးရွာ၊ ကောက်မယ်သူကျေးရွာ၊ ဘုရားကြီးကျေးရွာတွေက ၁၉ နှစ်အရွယ် မောင်သုသု၊ ၁၄ နှစ်အရွယ် မောင်မြင့်မြတ်ဟိန်း၊ ၅၂ နှစ်အရွယ် နော်ဘူးလာဖော၊ ၁၇ နှစ်အရွယ် နော်စေးကဘိုဖော၊ ၄၀ အရွယ်နော်အယ်လားဖော၊ ၃၈ နှစ်အရွယ် နော်ဖောတာရှု၊ ၃၅ နှစ်အရွယ် နော်ဖောသဒါးဝါး၊ ၅ နှစ်အရွယ် စောနေဘလူမူး၊ ၄၆ နှစ်ရွယ် နော်ဂျူးပလီ၊ ၅ နှစ်အရွယ် နော်စုထူးထူးအောင်၊ ၄၄ နှစ်အရွယ် စောပုလဲတို့ ၁၂ ဦးသေဆုံးသွားပါတယ်။

အဲဒီအပြင် အသက် ၁၂ နှစ်ကနေ ၆၀ ကြားရှိ အမျိုးသမီး ၂၃ ဦး၊ အမျိုးသား ၁၄ ဦးဒဏ်ရာရသွားကြပြီး မေ ၂၆ ရက်အထိ နီးစပ်ရာမှာ ဆေးကုသမှု ခံယူနေရပါတယ်။

နေအိမ် ၁၁ လုံး၊ ဈေးဆိုင် ၁ လုံး၊ တဲ ၁ လုံး၊ ဝက်တဲ ၁ လုံး၊ လယ်ထွန်စက် ၁ စီး၊ အိမ်သာ ၂ လုံးနဲ့ စာသင်ကျောင်းခြံ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

လေကြောင်းဗုံးကြဲခံရလို့ ထိခိုက်ပျက်စီးသွားတဲ့အပျက်အစီးတွေကိုတော့ ဒေသခံတွေက ဝိုင်းဝန်းရှင်းလင်းနေကြပြီး သေဆုံးသူတွေရဲ့နာရေးကို မေ ၂၆ ရက်မှာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။