myaelatt athan

Sharing Information to the Local

ချောင်းရေလျှံချိန်ဖြတ်မောင်းလာတဲ့ ခရီးသည်တင်ကားချောင်းထဲထိုးကျ

တောင်သာ၊ မေ ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာအနီး မြင်းခြံ-တောင်သာ ခရိုင်ချင်းဆက်လမ်းပေါ်မှာ လမ်းပေါ်ရေကျော်ချိန် ဖြတ်မောင်းတဲ့ကား ချောင်းထဲကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၆ ရက်မနက် ၁၀ နာရီခန့်မှာ နတ်စောင့်ကျေးရွာအနီး ဆင်တဲဝချောင်းကို ဖြတ်သန်းရာ ကားလမ်းပေါ် ရေအမြင့် ၂ ပေကျော်ရောက်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဥ်ဟာ ရေစီးနဲ့အတူ ချောင်းထဲထိုးချခဲ့တာလို့ဆိုပါတယ်။

“လမ်းမကျွမ်းကျင်မှုရယ်။ ရေကျော်နေတော့ အချို့ကားတွေက ထွန်စက်ခေါင်းတွေနဲ့ဆွဲပြီးသွားတာ။ ပိုက်ဆံနှမြောတာလား ကားသမားရဲ့ကျွမ်းကျင်မှုနည်းတာလား သူရှေ့က ကားတွေကထွန်စက်တွေနဲ့ ဆွဲသွားကြတာ။ တံတားလည်းကျဥ်းတော့ ရေစီးနဲ့ ချောင်းထဲကျသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကားပေါ်မှာ ခရီးသည် ၄၀ ကျော်ပါဝင်ပြီး ချောင်းထဲကိုကျချိန် ဒေသခံတွေနဲ့ အနီးအနားက ခရီးသွားပြည်သူတွေ ဝိုင်းဆယ်ကြတာကြောင့်ခရီးသည်အားလုံးထိခိုက်မှုမရှိခဲ့ဘဲ ကားကိုတော့ မဆယ်ယူရသေးဘူးလို့ ဆိုပါတယ်။

တောင်သာမြို့နယ်ထဲမှာ မေ ၂၄ ရက်ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဆင်တဲဝချောင်းဖြတ်သန်းရာနေရာတွေမှာ ကားလမ်းရေကျော်တာ၊ ချောင်းအနီးအနားဝန်ကျင်မှာ ရေလျှံတာတွေရှိနေတာပါ။

အဆိုပါ လမ်းပိုင်းဟာ ယခင်ကခရီးသည်တင်ယာဥ်တွေ ဖြတ်သန်းသွားလာတာမျိုး မရှိသလောက်နည်းပြီး ပြီးခဲ့တဲ့ဧပြီလပိုင်းလောက်က နန်းမြင့်တောင် တောင်ကြားတိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က လမ်းပိုင်းအချို့ပိတ်ထားတဲ့အတွက် ခရီးသည်တင်ယာဥ်တွေက မိန်းလမ်းအတိုင်း သွားလာမှုနည်းသွားပြီး ကျေးရွာချင်းဆက်လမ်းတွေကိုအသုံးပြုပြီးသွားလာနေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။