နွားထိုးကြီး၊ မတ် ၁၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅၊ ခလရ ၂၅၃၊ တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၀၀ ခန့်ပါတဲ့ ခြေလျင်စစ်ကြောင်းကို ကျားတွင်းဘိုးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
အဲ့ဒီ စစ်ကြောင်းကို မတ် ၉ ရက် မနက် ၉ နာရီမှာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျားတွင်းဘိုးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးခဲ့ပေမယ့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် ၁၄ ဦး အရှင်ဖမ်းမိပြီး ၄၇ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က သေနတ်၄၄ လက်နဲ့ ကျည်အများအပြား သိမ်းဆည်းရရှိခဲ့ကာ နွားထိုးကြီးမြို့နယ်ပကဖ ၂ ဦး၊ ရပ်ကျေးပကဖ ၁ ဦးကျဆုံးခဲ့ပြီး နွားထိုးကြီးမြို့နယ် ပကဖ ၃ ဦးနဲ့ NPDF မှ ရဲဘော် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသပေးပြီး အမှတ် ၁ စစ်ဒေသကို လွှဲပြောင်းလိုက်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း(Natogyi PDF)၊ မြင်းခြံခရိုင်တပ်ရင်း ၁၀နဲ့ နွားထိုးကြီးမြို့နယ်ပူးပေါင်းတပ်တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် – HP