myaelatt athan

Sharing Information to the Local

ဒုရဲအုပ်နဲ့ ရဲတပ်သားပစ်သတ်ခံရပြီး သေနတ် ၂ လက်ကိုသိမ်းဆည်း

ရွှေဘို၊ မေ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်သိပ္ပံတက္ကသိုလ်နဲ့ ပန်းရံကျေးရွာသွားလမ်းပေါ်မှာ ဒုရဲအုပ်အပါအဝင် ၂ ဦးပစ်ခတ်ပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ မေ ၁၉ ရက်မှာ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

မေ ၁၅ ရက်မနက် ၇ နာရီခန့်မှာ စိုက်သိပ္ပံတက္ကသိုလ်ကနေ ပန်းရံကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ လာတဲ့ ရဲ ၂ ဦးကို ပစ်ခတ်ခဲ့ရာမှာ ၂ ဦးစလုံးနေရာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“အရပ်ဝတ်နဲ့သွားတာကို ကြားဖြတ်တိုက်ခိုက်တာပါ။ သူတို့ပြန်ပစ်နိုင်တာမရှိဘူး။ ၂ ဦးတည်း ဆိုင်ကယ်တစီးနဲ့ လာတာပါ။ မြေပြင်အခြေအနေအရ သတင်းလုံခြုံမှုကို ပထမ ဦးစားပေးတာကြောင့် သတင်းကို ဒီနေ့မှထုတ်ပြန်ရတာဖြစ်တယ်။ “လို့ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဒုရဲအုပ် ၁ ဦး၊ ရဲတပ်သား ၁ ဦး စုစုပေါင်း ၂ ဦးစလုံးနေရာမှာပင်သေဆုံးသွားပြီး သူတို့ရဲ့ရာထူးတွေကိုတော့ သိမ်းဆည်းရမိတဲ့သက်သေခံကပ်ပြားတွေကနေ အတည်ပြုထားနိုင်တာလို့ ဆိုပါတယ်။

သူတို့ဟာ မြစ်ကြီးနားအခြေစိုက် ရဲတပ်ရင်း ၃၀ ကရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး စိုက်သိပ္ပံတက္ကသိုလ်မှာ တာဝန်ကျနေသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်ပြီးနောက် ၃၅ ဗို့ခြောက်လုံးပြူး သေနတ် ၁ လက်၊ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၃၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းနဲ့ နယ်မြေခံပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မတ် ၁၄ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာ သုသာန်အနီး၊ ကျွန်းတောကွေ့ ရွှေဘို-ရေဦးလမ်းပိုင်းမှာ ပျူစောထီးရိက္ခာသယ်ကားကို ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ကားကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။