ဂန့်ဂေါမှာ စာသင်ကျောင်းကို ဗုံးကြဲ

ဂန့်ဂေါ၊ မေ ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းကို စစ်ကောင်စီတပ်က မေ ၁၄ ရက်ည ၁၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဆိုပါကျေးရွာအနီးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ Mi-29 ရဟတ်ယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာကြောင့် အထကကျောင်းရှိ “ခရေ စာသင်ခန်းမဆောင်” လုံးဝ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“စာသင်ကျောင်းမှာ လူတွေတယောက်မှ မနေကြဘူးဗျ။ အဲ့တာကြောင့် လူအထိအခိုက်မရှိတာ။ အဲဒီကျောင်းတနေရာတည်းကိုပဲ ဗုံးကြဲခဲ့တာပါဗျ”လို့ ဂန့်ဂေါမြို့နယ်က ဒေသခံအမျိုးသားတဦးကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ လာပို့ကျေးရွာဟာ အိမ်ခြေ ၈၀၀ ခန့်ရှိပြီး ဂန့်ဂေါမြို့နဲ့ ၅မိုင်ခန့် ကွာဝေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၁၄ ရက်ကလည်း လာပို့ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဗုံး ၂ လုံး ကြဲချတာကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယောဒေသဖြစ်တဲ့ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို စစ်ကောင်စီတပ်က မေ ၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။