စလင်း၊ မေ ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြေနီကုန်းကျေးရွာကနေ ထွက်လာတဲ့ အင်အား ၇၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မေ ၁၂ ရက်က ခြင်ထောင်ရွာအနီးမှာတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။
အဆိုပါအင်အား ၇၀ ပါစစ်ကြောင်းဟာ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ က စစ်သားတွေနဲ့ ဆင်လူးရွာက ပျူစောထီးတွေဖြစ်ပြီး ခြင်ထောင်ရွာအနီး နေ့လယ် ၁ နာရီ ၂၀ မိနစ် မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၂၀ နီးပါးထိခိုက်ဒဏ်ရာရသွားတယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ စလင်း-ကံပြားလမ်းမှာရှိတဲ့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက စိုးမိုးမှုရယူထားတာကြောင့် စစ်ကောင်စီက ပြန်လည်စိုးမိုးမှုရယူချင်တဲ့အပြင် ကျောင်းတွေပြန်ဖွင့်ချင်တာကြောင့် စစ်ကြောင်းထိုးတာလို့သိရကြောင်းလည်း ဗိုလ်မိုးကြိုးကဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းတွေက စလင်းမြို့ အနောက်ကန်ဘောင်ကနေ ပတ်ပြီးတော့ ဝမ်းပြည့်ဘက်ကနေ အောက်လှိုင်းရွာကိုဝင်ပြီး ပိန္နဲပင်-ငလင်ပန်းရွာမှာ အထိုင်ချတပ်စွဲနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
တည်းဖြတ် – HP