myaelatt athan

Sharing Information to the Local

သူနာပြုနဲ့ PDF တပ်ရင်းမှူး နေအိမ်တွင်း သေနတ်ဒဏ်ရာနဲ့သေဆုံး၊ တပ်ရင်းမှူးကပစ်သတ်ပြီး ကိုယ်တိုင်လည်းအဆုံးစီရင်သွားဟုဆို

ယင်းမာပင်၊ မေ ၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ရွာမှာ သူနာပြုဆရာမ ၁ ဦး နဲ့ PDF တပ်ရင်းမှူး ၁ ဦး သေနတ်ဒဏ်ရာတွေနဲ့သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူတွေဟာ ဗျူဟာ ၄၂ လက်အောက် ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ B 21 PDF တပ်ရင်းမှူး ကိုဖိုးစီ ဖြစ်ပြီး ဧပြီ ၃၀ ရက်ညပိုင်းက အထက်ပါကျေးရွာရှိ သူနာပြုဆရာမနေအိမ်ကို ရောက်ရှိလာပြီး နေအိမ်တွင်းမှာပဲ ပစ်ခတ်မှုတွေဖြစ်ပွားကာ ၂ ဦးစလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ ကိုဖိုးစီရောက်လာတော့ (ဆရာမလေး အိမ်မှာရှိတဲ့) အဖွားကြီးက နှိုးပေးတာ၊ အဲ့လိုခေါ် ပေးပြီးတော့ (ကိုဖိုးစီက) နင့်လည်းသတ်မှာ၊ ငါ့ဟာငါလည်း သတ်သေမှာဆိုပြီးတော့ ပြောပြောဆိုဆိုလုပ်သွားတာ၊ အဖွားကြီးက တောင်းပန်တာကို မရဘူး။ ဆရာမလေးကိုတော့ နှမြောတာပေါ့ရွာက” လို့ အခင်းဖြစ်ကျေးရွာမှဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက် နေအိမ်တွင်း ကျည်ခွံ ၅ ခု တွေ့ရှိခဲ့ပြီး သူနာပြုဆရာမမှာ နားထင်နဲ့ ရင်အုပ်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ကိုဖိုးစည်မှာ ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ ၂ ချက်နဲ့ အသီးသီးသေဆုံးခဲ့တာဖြစ်ကာ ပစ်ခတ်မှုတွေဟာ အခင်းဖြစ်နေအိမ်တွင်းရှိ အဖွား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးရှေ့မှာ ဖြစ်ပွားခဲ့တာလို့ အထက်ပါဒေသခံက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူ CDM သူနာပြုဆရာမ မဇာနည်ဝင်းဟာ ရှမ်းမြောက်ဒေသဇာတိ ဖြစ်ပြီး ယင်းမာပင်နယ်အတွင်း ဆေးခန်းတခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆေးကုသပေးနေသူဖြစ်ကာ နားရက်နေအိမ်ကိုပြန်လာချိန် အခုလိုပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ပုံစာ – B 21 တပ်ရင်းမှူး ကိုဖိုးစီ။

B21တပ်ရင်းက ရဲဘော်တဦးကလည်း ကိုဖိုးစီက အခင်းဖြစ်ရက် ည ၉ နာရီလောက် ၎င်းရဲ့စခန်းကနေ ရွာထဲကိုထွက်သွားတာကိုသိရှိထားကာ သေဆုံးမှုဖြစ်စဉ်အသေးစိတ်ကိုတော့မသိရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့က ပိုပြီးတော့ တိကျသေချာအောင် ရင်ခွဲရုံပို့ပြီး ဆရာဝန်ရဲ့ ဆေးစစ်ချက်ကို စောင့်နေတယ်၊ ပင်လည်ဘူးတိုက်ပွဲတုန်းက ဗျူဟာမှူးရဲ့ အမိန့် ပြန်တမ်းကို စောင့်နေတာ” လို့ ၎င်းက ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် တပ်ရင်းမှူး ကိုဖိုးစီရဲ့ရုပ်အလောင်းကို ပုလဲနယ်ထဲက ၎င်းရဲ့မွေးရပ်ရွာကို လက်အောက်တပ်ဖွဲ့ဝင်တွေက ပြန်သယ်သွားခဲ့ပြီး၊ ဆရာမလေးကိုတော့ အခင်းဖြစ်တဲ့ရွာမှာပဲ သင်္ဂြိုဟ်မှာဖြစ်ကာ ရှမ်းမြောက်ဒေသရှိ သူ့မိဘတွေနဲ့ အဆက်အသွယ်ရထားပြီလို့ သိရပါတယ်။

ကိုဖိုးစီနဲ့ မဇာနည်ဝင်းရဲ့ ပတ်သက်မှုနဲ့ ပြဿနာအသေးစိတ်နဲ့ ဘာကြောင့်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတော့ အသေးစိတ်မသိရသေးပါဘူး။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။