myaelatt athan

Sharing Information to the Local

စစ်မှုထမ်းဟောင်းတွေ ပြည်သူကို စည်းရုံးကြဖို့ စစ်ခေါင်းဆောင်တိုက်တွန်း (ရုပ်/သံ)

0
0

မြေလတ်အသံ၊ မေ ၁၊ ၂၀၂၅။

စစ်မှုထမ်းဟောင်းတွေအနေနဲ့ ပြည်သူကိုစည်းရုံးကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဧပြီ ၃၀ ရက် ယမန်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ စစ်ကောင်စီလက်အောက် စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ စစ်မှုထမ်းဟောင်းညီလာခံမှာ စစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာပါ။

“ တပ်မတော်ရဲ့ နိုင်ငံနဲ့ ပြည်သူအပေါ်ထားရှိတဲ့ စစ်မှန်တဲ့သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများကြားမှာရှိနေတဲ့ စစ်မှုထမ်းဟောင်းများရဲ့ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားဖြင့် ထိရောက်စွာအားပြုနိုင်ရမှာဖြစ်ကြောင်း” ဆိုကာ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်မှုထမ်းဟောင်းတွေအနေနဲ့ ကြိုးပမ်းပုံဖော်ပေးသွားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ထပ်မံ ထည့်သွင်းပြောဆိုသွားပါတယ်။

စစ်မှုထမ်းဟောင်းအများစုဟာ ပျူစောထီးတပ်ဖွဲ့နဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေက မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေမှာပါဝင်နေပြီး စစ်မှုထမ်းခေါ်ယူတဲ့ ကိစ္စရပ်တွေအပါအဝင် ပြည်သူကိုနည်းမျိုးစုံနဲ့ ငွေကြေးတောင်းခံနေကြသူတွေလို့ ပဲခူးအနောက်ခြမ်းက PDF တပ်ဖွဲ့တွေက ဆိုထားပါတယ်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေဟာ မြို့နယ်အလိုက်မှာ ပြည်သူလူထုထံကသတင်းမျိုးစုံရယူကာ လိုအပ်တဲ့သတင်းအချက်အလက် အကူအညီအထောက်အပံ့တွေကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ထံ ပေးပို့နေတဲ့ စစ်တပ်အမာခံအဖွဲ့အစည်းဖြစ်တယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ စစ်တပ်ထဲ ဘယ်လို စိတ်နာခဲ့ရတဲ့အကြောင်း၊ ရင်နာခဲ့ရတဲ့အကြောင်းတွေကို ဇာတ်နာပြပြီး မဖြစ်လို့လုပ်နေရတယ်ဆိုတဲ့ ပုံစံမျိုးတွေပြောပြီးတော့မှ ပြည်သူနဲ့ လုပ်ငန်းရှင်အဖွဲ့ အစည်းတွေဆီကနေ သတင်းမျိုးစုံနှိုက်၊ သတင်းတွေတည်ဆောက်ပြီးတော့ စရဖကို ပြန် သတင်းပို့ရတဲ့အနေအထားပဲ” လို့ ပြောပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။