မကွေးမြို့အဝင် စစ်ကောင်စီလုံခြုံရေးတင်းကျပ်နေ (ရုပ်/သံ)

မင်းဘူး၊ ဧပြီ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မကွေးတံတားမှာ စစ်ကောင်စီက လုံခြုံရေးအင်အားတိုးကာ စစ်ဆေးရေးတင်းကျပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၀ ရက်ကစပြီး မကွေးတံတား၊ မင်းဘူးဘက်ခြမ်းမှာ အင်အားတိုးပြီး ဖြတ်သွားဖြတ်လာယာဉ်တွေနဲ့ လူတွေကို စစ်ဆေးမှုတင်းကျပ်လာတယ်လို့ဆိုပါတယ်။

“ခုနောက်ပိုင်း အစစ်အဆေးတွေကကြမ်းတယ်။ ကျနော်တို့ ၂ ခါ ၃ ခါလောက်ကြုံဖူးတယ်။ ကားဆို အကုန်လှန်လှောစစ်တယ်။ ဘောက်တွေထဲကကောဖင်ထိုင်ခုံတွေထဲကော။ လူဆိုရင်တော့ စမတ်ကဒ်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ ကားဆိုလည်းလိုင်စင်ပါမှ အဲ့လိုစစ်တာ”လို့ မြို့ခံတဦးက ပြောပါတယ်။

ယခင်က အဆိုပါဂိတ်မှာ ရဲနဲ့တပ်အင်အား ၄၀ ခန့်သာရှိပေမယ့် သင်္ကြန်နောက်ပိုင်းကာလမှ အင်အား ၈၀ ခန့်ထိရှိနေတယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုတင်းကျပ်နေတာကြောင့် အဆိုပါတံတားမှာ နေ့စဉ်ကားအစီးရေ ၆၀ နဲ့၇၀ ကြား ပိတ်မိနေတတ်ပြီး တံတားဖြတ်နိုင်ဖို့ မိနစ် ၃၀ ကနေ ၁ နာရီကြားထိစောင့်ဆိုင်းရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆေးမှု ပိုတင်းကျပ်တဲ့နေ့တွေမှာဆိုလည်း တံတားနဲ့ ၄ ဖာလုံခန်ကွာဝေးတဲ့ ထောက်ရှာပင်ကျေးရွာထိ ကားတန်းတွေပိတ်မိနေတတ်တာကြောင့် ခရီးသွားတွေနဲ့ ကုန်စည်တင်ယာဉ်တွေမှာ အချိန်ကုန်၊ လူပင်ပန်းဖြစ်ကြရတယ်လို့လည်း အထက်ပါဒေသခံကပြောပါတယ်။

သင်္ကြန်ရက်နောက်ပိုင်းမှာ စလင်း၊ မင်းဘူးမြို့နယ်တွေအတွင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာနဲ့ နှစ်ဖက်တိုက်ပွဲတွေရှိနေတာကြောင့် စစ်ဆေးမှုပိုတင်းကျပ်လာတာ ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။