myaelatt athan

Sharing Information to the Local

ရေစကြို၊ သာဂေါင်ရွာစာသင်ကျောင်းပေါ် ဗုံးကြဲခံရ

ရေစကြို၊ ဧပြီ ၁၂၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ သာဂေါင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၁၂ ရက်ဒီနေ့မနက် ၁၀ နာရီလောက်မှာ မတ္ထီလာလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ပြည်သူအထိအခိုက် အသေအဆုံးတော့ မရှိခဲ့ဘူး၊ စာသင်ကျောင်းကို ပစ်မှတ်ထားပြီးတော့ ကြဲချ တိုက်ခိုက်သွားတာ၊ စာသင်ကျောင်းတော့ ပျက်ဆီးဆုံးရှုံးသွားတယ်။ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကတော့ ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းမှာမရှိဘူး၊” လို့ ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ကျောင်းသုံးပရိဘောဂပစ္စည်းတွေပျက်သွားခဲ့ပြီး ပျက်စီးမှု အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သာဂေါင်ကျေးရွာကို ခုလိုဗုံးကြဲတိုက်ခိုက်ခံရတာ ၃ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထဲမှာလည်း စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မနက်အစောပိုင်းမှာ သာဂေါင်ကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၆ နှစ်နဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်း ၂ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအနီးကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦးဒဏ်ရာရကာ နေအိမ်တွေထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။