myaelatt athan

Sharing Information to the Local

နွားထိုးကြီးမှာ လက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသားသေဆုံးပြီး နေအိမ် ၁၀ လုံးမီးလောင်

နွားထိုးကြီး၊ ဧပြီ ၁၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာ၊ ကွက်သစ်ပိုင်းကို မြင်းခြံ ခမရ ၁၅ က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဧပြီ ၁၁ ရက်ည ၇ နာရီ မိနစ် ၂၀ ခန့်မှာ မြင်းခြံ ခမရ ၁၅ ကနေ လက်ဝဲမြင်းနီကျေးရွာဘက်ကို လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ကွက်သစ်ပိုင်းရှိ နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ရွာပေါ်ကျပြီးတော့ အသက် ၈၂ နှစ်အရွယ် အဖိုးကြီးသေသွားတယ်။ အိမ်တွေက မီးပါ လောင်သွားတယ်။ အဖိုးကြီးကတော့ မီးလောင်မခံရပါဘူး။ အိမ်ပိုင်ရှင် ၅ ဦးလောက်ပိုင်တဲ့ အိမ်တွေမီးလောင်တဲ့အထဲပါသွားတာ။ အခုနောက်ပိုင်း သူတို့ထုလိုက်တိုင်း မီးလောင်တာဘဲ။”လို့ မြေပြင်ကူညီပေးခဲ့သူတဦးကပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ အသက် ၈၂ နှစ်အရွယ် ဦးပေါသန်းဆိုသူ သေဆုံးပြီး ဦးပေါသန်းနေအိမ် အပါအဝင် နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် ကွက်သစ်ပိုင်းရှိ အိမ်ခြေ ၁၀၀ ကျော်လောက်က ဒေသခံတွေက ညတွင်းချင်းဘေးလွတ်ရာထွက်ပြေးရပြီး ဧပြီ ၁၂ ရက်နေမနက်ပိုင်းမှာတော့ ကျေးရွာထဲကို ပြန်လည်နေထိုင်တာတွေရှိနေပါတယ်။

မတ် ၂၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၃ လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။

အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့လက်ဝဲမြင်းနီကျေးရွာဟာ ၂၀၂၄ ဇူလိုက်လလောက်ကတည်းကစပြီး တစ်နှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ပြီး မီးရှို့တာကို နှစ်ကြိမ်ခံထားရပြီး မြင်းခြံအခြေစိုက် ခမရ ၁၅ က မကြာခဏ လက်နက်ကြီးပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာကိုမီးရှို့ခံရတာ၊ လက်နက်ကြီးနဲ့လေကြောင်းကနေ ဗုံးကြဲခံထားရတာတွေကြောင့်နေအိမ် ၂၅၀ ကျော်ပျက်စီးထားတယ်လို့ သိရပြီး ရွာခံ ၅,၀၀၀ ကျော်မှာလည်း ရွာမှာ အတည်တကျ နေထိုင်တာမရှိဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။