⁨⁨စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာလို့ ငလျင်ဘေးသင့်သူတွေ အခက်တွေ့နေ (ရုပ်/သံ)

0 5
0 5

စစ်ကိုင်း၊ ဧပြီ ၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာရွာလို့ ငလျင်ဘေးသင့်သူတွေ ထပ်မံ အခက်အခဲတွေကြုံနေရတယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဧပြီ ၅ ရက်ည ၉ နာရီခန့်ကနေ ၉ နာရီခွဲထိ ၁ ကြိမ်၊ ဧပြီ ၆ ရက်ဒီမနက် ၆ နာရီကနေ ၇ နာရီထိ ၁ ကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတွေပါ တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

“မိုးရွာချက်ကတော့ လန်ထွက်နေတာပဲ။ လာလှူထားတဲ့အထဲက မိုးကာလေးတွေပါတော့ အဲဒါလေးတွေအုပ်။ ဘယ်လုံပါ့မလဲ။ အိပ်မရတဲ့သူက ငုတ်တုတ်ထိုင်ရတာပေါ့။ အိပ်ရတဲ့သူက အိပ်ပေါ့။ ဟိုလိုကြီးကတော့ ဘယ်အဆင်ပြေမလဲ လေကောပါတာဆိုတော့။”လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ဒေသခံတွေဟာ မြို့နယ်ဘောလုံးကွင်း၊ ရပ်ကွက်ဘောလုံးကွင်း၊ လမ်းပေါ်မှာ အဆင်ပြေသလို နေထိုင်နေကြရတာဖြစ်ပြီး မိုးရွာလို့ နေရာရွှေ့ပြောင်းနေထိုင်သူတွေလည်းရှိသလို လက်ရှိနေထိုင်နေတဲ့နေရာမှာတင် ဖြစ်သလိုဆက်လက်နေထိုင်နေသူတွေလည်း ရှိနေပါတယ်။

မိုးရွာချိန်မှာ ငလျင်ဒဏ်ကြောင့် အက်ကွဲနေတဲ့ ခြံစည်းရိုး အုတ်တံတိုင်းအချို့ ထပ်မံပြိုကျတာတွေရှိပေမယ့် လူထိခိုက်တာမျိုးတွေတော့မရှိဘူးလို့ ဆိုပါတယ်။

မိုးရွာပြီး အဆောက်အဦးပျက်တွေထဲ ရေဝင်ထားတာတွေရှိပြီး ဧပြီ ၆ ရက် မနက်ပိုင်းမှာ ကူညီရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းတိုင်းမြို့နယ်အတွင်း သေဆုံးသူ ၅၀၃ ဦး၊ ဒဏ်ရာရသူ ၆၆၉ ဦး၊ ပျောက်ဆုံး ၂ ဦးရှိပြီး ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဧပြီ ၄ ရက် စစ်ကောင်စီသတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။